“အခွန်လွတ်ပြောင်းတင်ပို့ခွင့် ကုန်ဆုံးတော့မည်ဖြစ်သည့်အတွက် ပြောင်းဈေးကျလာ”
18 Aug
ထိုင်းအစိုးရ၏ အခွန်လွတ်ပြောင်းတင်ပို့ခွင့် ကုန်ဆုံးတော့မည်ဖြစ်သည့်အတွက် ဈေးကွက်အတွင်း ပြောင်းဈေး ကျဆင်းလျက်ရှိပါတယ်။ ထိုင်းနိုင်ငံသို့ ဖေဖော်ဝါရီလ ၁ ရက်မှဩဂုတ်လ ၃၁ ရက်အထိ အခွန်ကင်းလွတ်ခွင့်နဲ့ ပြောင်းများကို တင်ပို့နေခြင်း ဖြစ်ပါတယ်။ ပြောင်းတင်ပို့မှုအနေဖြင့် ယခုနှစ်ပြောင်းရာသီတွင် ထိုင်းကို ပြောင်းတန်ချိန် တစ်သန်းကျော်တင်ပို့နိုင်မည် ဟု ခန့်မှန်းထားပြီး ရန်ကုန်ဆိပ်ကမ်းနှင့် တာချီလိတ်နယ်စပ်ဂိတ်မှတစ်ဆင့် တင်ပို့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဘုရင့်နောင်ကုန်စည်ဒိုင်ဈေးကွက်တွင် ဇူလိုင်လ ၁ ရက်မှာ ပြောင်းဆန်တစ်ပိဿာ ၁,၇၃၀/၁,၇၅၀ ကျပ် ဈေးရှိခဲ့ ရာမှ သြဂုတ်လ ၁၅ ရက်တွင် ပြောင်းဆန်တစ်ပိဿာ ၁,၆၃၀/၁,၆၅၀ ကျပ်အထိ ဈေးကျသွားကြောင်း၊ ယင်းအပြင် ပြောင်း FOB(YGN) ဈေးနှုန်းကလည်း ဇူလိုင်လ ၁ ရက်တွင် တစ်တန်ကို အမေရိကန်ဒေါ်လာ ၂၇၀ အထိ ရရှိခဲ့ပေမယ့် သြဂုတ်လ ၁၅ ရက်တွင် တစ်တန်ဈေးဒေါ်လာ ၂၅၀ အထိကျဆင်းလာကြောင်းသိရပါတယ်။ မြန်မာတစ်နိုင်လုံးတွင် စုစုပေါင်းပြောင်းစိုက်ဧက ၂ သန်းကျော်ရှိပြီး ပြောင်းထုတ်လုပ်မှုအနေနဲ့ မက်ထရစ်တန်ချိန် ၃ ဒသမ ၂ သန်းခန့် ထွက်ရှိကာ တန်ချိန် ၂ ဒသမ ၂ သန်းကို ပြည်ပကို တင်ပို့၍ လက်ကျန်တန်ချိန် ၁ သန်းခန့်ကို ပြည်တွင်း ၌ သုံးစွဲကြောင်း သိရပါတယ်။ (NVS 004)