အင်ဂျင်ပါဝါသုံး ရှစ်တန်းသွား လူထိုင်စီးကောက်စိုက်စက် လက်တွေ့စမ်းသပ်သရုပ်ပြသ
17 Aug
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စက်မှုလယ်ယာဦးစီးဌာနက အရည်အသွေးပြုပြင်ပြောင်းလဲ စမ်းသပ်ထုတ်လုပ်သည့် အင်ဂျင်ပါဝါသုံး ရှစ်တန်းသွား လူထိုင်စီးကောက်စိုက်စက် လက်တွေ့သရုပ်ပြစိုက်ပျိုးမှုကို ဩဂုတ်လ ၁၆ ရက်တွင် နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသနစိုက်ကွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ မြန်မာ့လယ်ယာသုံး ပစ္စည်းကိရိယာစက်ရုံ(အင်းကုန်း)က စမ်းသပ်ထုတ်လုပ်ထားသည့် အဆိုပါရှစ်တန်းသွား လူထိုင်စီးကောက်စိုက်စက်တွင် အင်ဂျင်ပါဝါ ငါးကောင်အားကို အသုံးပြုပြီး လယ်တစ်ဧကကို အချိန် ၁ နာရီခွဲမှ ၁ နာရီ ၄၅ မိနစ်ခန့်အတွင်း စိုက်ပျိုးနိုင်မှာဖြစ်ပါတယ်။ တောင်သူများအတွက် တန်ဖိုးသင့်ဈေးနှုန်း ဖြစ်စေရန်နှင့် ပေါ့ပါးလွယ်ကူစွာ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ အကောင်းဆုံးထုတ်လုပ်ခြင်းဖြစ်ပြီး လုပ်ငန်းခွင်၌ လက်တွေ့အသုံးပြုနိုင်ရန် နည်းပညာ အတည်ပြုခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးပါက တစ်နိုင်ငံလုံး၌ ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်သုံးစွဲနိုင်ရေးနှင့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်များရှိ MSMEs လုပ်ငန်းများသို့ နည်းပညာလွှဲပြောင်းပေးနိုင်ရေး စီမံဆောင်ရွက်ရှိပါတယ်။ အဆိုပါကောက်စိုက်စက် သရုပ်ပြသမှုအား ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဦးကိုကိုလွင် နှင့် ဒေါက်တာ ချာလီသန်း တို့က ကြည့်ရှုခဲ့ပြီး စိုက်ပျိုးရေးကဏ္ဍအတွက် လိုအပ်လျက်ရှိသည့် လယ်ယာသုံးစက်ကိရိယာများအား စံချိန်စံညွှန်းနှင့်အညီ ထုတ်လုပ်နိုင်ရေး ပညာရှင်များက သုတေသနပြု တီထွင်စမ်းသပ်ပြီး MSMEs လုပ်ငန်းများသို့ နည်းပညာ လွှဲပြောင်းပေးရန် လိုအပ်ချက်များနှင့် ထုတ်လုပ်လိုက်သည့် စက်ကိရိယာများ၏ ပြုပြင်မွမ်းမံမှုအတွက် နောက်ဆက်တွဲ လိုအပ်လာနိုင်သည့် စက်အစိတ်အပိုင်း အပိုပစ္စည်းများကို ဈေးကွက်သို့ ဖြန့်ဖြူးပေးနိုင်ရေးကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးမှာကြားခဲ့ကြောင်း သိရပါတယ်။(NVS 004)