ဆေးဝါးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိဘဲ ပုံမှန်အတိုင်းဖြန့်ဖြူပေးနေ
17 Aug
ဆေးဝါးနှင့်ဆေးပစ္စည်းများအတွက် သွင်းကုန်လိုင်စင်များကို လစဉ်ပုံမှန်စိစစ်ခွင့်ပြုနေတဲ့အတွက် ဈေးကွက်အတွင်း ဆေးဝါးပြတ်လပ်မှုမရှိဘဲ ပုံမှန်အတိုင်းဖြန့်ဖြူးပေးနေကြောင်း မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ထားရှိပါတယ်။ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းအနေဖြင့် ဆေးဝါးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိ စေရန် အသင်းဝင်ကုမ္ပဏီများ၏ လျှောက်ထားလိုင်စင်များကိုစိစစ်ကာ သက်ဆိုင်ရာဌာနသို့ ပြန်လည်စုစည်းပေးပို့ တင်ပြလျက်ရှိပြီး သွင်းကုန်လိုင်စင်များအား ဝန်ကြီးဌာနမှစိစစ်ခွင့်ပြုရာတွင် လွယ်ကူချောမွေ့မှုရှိအောင် ကူညီဆောင်ရွက် ပေးလျှက်ရှိနေပါတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနမှ ဆေးဝါးနှင့်ဆေးပစ္စည်းများ သွင်းကုန်လိုင်စင်များကို သတ်မှတ်ပမာဏတစ်ခုဖြင့် လစဉ်ပုံမှန် စိစစ်ခွင့်ပြုချထားပေးခြင်းကြောင့် အသင်းဝင်ကုမ္ပဏီများအနေဖြင့်လည်း လိုင်စင်ရရှိသည်နှင့် ဆေးဝါးနှင့် ဆေးပစ္စည်းများကို မှာယူတင်သွင်းခြင်းပြုလုပ်၍ ဈေးကွက်အတွင်းကုန်ပစ္စည်းများ ကာလကြာရှည်စွာ ပြတ်လပ်မှုမျိုး ဖြစ်ပေါ်ခြင်းမရှိဘဲ အနယ်နယ်အရပ်ရပ်သို့ ပုံမှန်ရောင်းဝယ်ဖြန့်ဖြူးလျက်ရှိနေပြီး ဈေးကွက်တည်ငြိမ်လျက်ရှိပါတယ်။ အသင်းအနေဖြင့်လည်း လိုအပ်သော ဆေးဝါးနှင့်ဆေးပစ္စည်းများကို ဈေးကွက်အတွင်း လွယ်ကူစွာ ဝယ်ယူ ရရှိစေနိုင်ရန် တင်သွင်းဖြန့်ဖြူးရောင်းချသောကုမ္ပဏီများ၊ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချနေသော အရောင်းဆိုင် များအား ပုံမှန်တွေ့ဆုံခြင်း၊ တိုက်တွန်းနှိုးဆော်စာများ အပတ်စဉ်ပေးပို့ခြင်းတို့ဖြင့်လည်း စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် ဆေးဝါးသုံးစွဲသူပြည်သူအများ လိုအပ်သောဆေးဝါးများအား ကုမ္ပဏီတိုက်ရိုက်ဈေးနှုန်းများဖြင့် လွယ် လင့်တကူ ဝယ်ယူရရှိနိုင်စေရန်ရည်ရွယ်၍ အခါအားလျော်စွာ ဆေးဝါးရောင်းချပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် ဖွင့်လှစ်ရောင်းချခြင်းများကိုလည်း လုပ်ကိုင်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းက ကျန်းမာရေးစောင့်ရှောက်မှုအတွက် လိုအပ်သော ဆေးဝါးနှင့်ဆေးပစ္စည်းများ ဈေးကွက်တွင်မပြတ်လပ်ရေးနှင့် ဈေးနှုန်းတည်ငြိမ်ရေး ဦးတည်ချက်(၂)ရပ်ဖြင့် လုပ်ကိုင် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။(NVS 004)