နောင်ချိုမြို့နယ်တွင် ဘဏ်ဝန်ဆောင်မှုများ ပြန်လည်စတင်
16 Aug
၂၀၂၄ ခုနှစ် ဇွန်လမှစ၍ နယ်မြေအခြေအနေကြောင့် ယာယီရပ်ဆိုင်းခဲ့ရသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲကို ဩဂုတ်လ ၁၅ ရက် နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်၍ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။ မြန်မာ့စီးပွားရေးဘဏ်(နောင်ချို) ပြန်လည်ဖွင့်လှစ်ပွဲကို ဩဂုတ်လ ၁၅ ရက် နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ရာ တပ်မတော်တာဝန်ရှိသူများ၊ မြန်မာ့စီးပွားရေးဘဏ် ပြည်နယ်မန်နေဂျာ၊ ကျောက်မဲခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။ နောင်ချိုမြို့နယ်အတွင်း ဘဏ်လုပ်ငန်းများကို ၂၀၂၄ ခုနှစ် ဇွန်လ ၂၆ ရက်မှစ၍ ယာယီရပ်ဆိုင်းခဲ့ပြီး နောင်ချိုမြို့အား တပ်မတော်မှ ပြန်လည်ထိန်းချုပ်ပြီးနောက် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၂ ရက်မှ စတင်၍ လုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရေးအတွက် တာဝန်ရှိသူများက ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ဩဂုတ်လ ၁၅ ရက်တွင် ပြန်လည် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ပြည်သူများအနေနဲ့ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများနှင့်ပတ်သက်ပြီး အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း သိရပါတယ်။(NVS 004)