“အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားကြီး၏ ကရဝိက်ဖောင်တော်နှင့် ဖောင်တော်ထားရှိရာ အဆောက်အအုံ ပြုပြင် မွမ်းမံမှုလုပ်ငန်း ၉၀ ရာခိုင်နှုန်းပြီးစီး”

15 Aug

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားကြီး၏ ရတနာကျောင်းတော် နှင့် ရင်ပြင်တော် အချို့နေရာများ၊ ဒေသစာရီကြွချီပူဇော်ခံရာတွင် ပင့်ဆောင်ပူဇော်လျက်ရှိသည့် ကရဝိက်ဖောင်တော်နှင့် ဖောင်တော်ထားရှိရာအဆောင်တို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။ ထိခိုက်ပျက်စီးမှုများအား နိုင်ငံတော်အစိုးရ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အနယ်နယ်အရပ်ရပ်မှ စေတနာရှင် အလှူရှင်များ၏ စုပေါင်းထည့်ဝင်လှူဒါန်းမှုများဖြင့် ပြုပြင်မွမ်းမံမှုလုပ်ငန်းများကို သတ်မှတ်ကာလအမီ ပြီးစီးနိုင်ရေး အတွက် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ကျွမ်းကျင်ပညာရှင်များက အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိပါတယ်။ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ဒေသစာရီကြွချီတော်မူရာတွင် အသုံးပြုသည့် ကရဝိက်ဖောင်တော်နှင့် ဖောင်တော်ထားရှိရာ အဆောက်အအုံ ပြုပြင်မွမ်းမံမှုလုပ်ငန်းများအတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) အထူးဒေသ(၄) မိုင်းလားမြို့ တိုင်းရင်းသားပြည်သူများ၏ စုပေါင်းကုသိုလ်ပါဝင်လှူဒါန်းမှုဖြင့် ၂၀၂၅ ခုနှစ်၊ မေလ ၂၅ ရက်မှ စတင်ကာ ပြုပြင်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် ပြုပြင်မွမ်းမံခြင်းလုပ်ငန်း ၉ဝ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရပါတယ်။ အဆိုပါ ပြုပြင်မွမ်းမံမှုလုပ်ငန်းများကို ယခုနှစ်သီတင်းကျွတ် ဖောင်တော်ဦးမြတ်စွာဘုရား အင်းလေးဒေသဝဲယာ (၂၁)ဌာနသို့ ဒေသစာရီ ကြွချီအပူဇော်ခံပွဲတော်ကာလအမီ ပြီးစီးနိုင်ရန် အင်တိုက်အားတိုက်ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း သိရပါတယ်။ (NVS-004)

15 Aug

ADVERTISE HERE .