“အမေရိကန် က တရုတ်နိုင်ငံအပေါ် အခွန်တိုးမြှင့်ကောက်ခံရန်သတ်မှတ်ထားသည့် နောက်ဆုံးရက်ကို ရက်ပေါင်း ၉၀ သက်တမ်းတိုး”
15 Aug
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်နိုင်ငံအပေါ် အခွန်တိုးမြှင့်ကောက်ခံရန် သတ်မှတ်ထားသည့် နောက်ဆုံးရက်ကို ရက်ပေါင်း ၉၀ သက်တမ်းတိုးရန် လက်မှတ်ရေးထိုးခဲ့ကြောင်း အိမ်ဖြူတော်က ပြောကြားသည်။ အလားတူ တရုတ်နိုင်ငံ က အမေရိကန်အပေါ် အခွန်ကောက်ခံမည့်အစီအစဉ်များကို ရက်ပေါင်း ၉၀ ကြာ ရပ်ဆိုင်းရန် ကြေညာခဲ့သည်။ နှစ်နိုင်ငံကုန်သွယ်မှုနှင့် အခြားသောကိစ္စရပ်များကို ဆက်လက်ညှိနှိုင်းရန် မျှော်လင့်ထားကြောင်း သိရသည်။ နှစ်နိုင်ငံအစိုးရက ၎င်းတို့၏ကုန်ပစ္စည်းများအပေါ် ၁၀၀ ရာခိုင်နှုန်းထက်ကျော်လွန် အခွန်စည်းကြပ်ရန် ယခုနှစ် အစောပိုင်းတွင် အပြန်အလှန်ကြေညာခဲ့သော်လည်း ယခုအချိန်တွင် အခွန်တိုးမြှင့်ကောက်ခံမည့် နောက်ဆုံး ရက်ကို ရက်ပေါင်း ၉၀ သက်တမ်းတိုးရန် ကြေညာခဲ့သည်။ အမေရိကန်နှင့်တရုတ်တို့သည် အကောက်ခွန်နှုန်းထားများ ကို မေလမှစပြီး ဩဂုတ်လ ၁၂ ရက်အထိ လျှော့ချကောက်ခံခဲ့သည်။ ယခု ရက်ပေါင်း ၉၀ ထပ်မံသက်တမ်းတိုးခဲ့သည့် အတွက် နှစ်နိုင်ငံအပြန်အလှန် အကောက်ခွန်ကောက်ခံခြင်းဆိုင်ရာဆိုင်းငံ့မှုသည် နိုဝင်ဘာလ ၁၀ ရက်အထိ အကျုံးဝင်မည် ဖြစ်သည်။ သမ္မတဒေါ်နယ်ထရမ့်က တရုတ်နိုင်ငံနှင့်ဆက်ဆံရေးကောင်းမွန်ကြောင်း အလေးပေးပြောကြားခဲ့ပြီး တရုတ် နိုင်ငံက အမေရိကန်ထံမှပဲပုပ်ဝယ်ယူသည့် အမှာစာ လေးဆခန့် ပိုမိုများပြားလာနိုင်ကြောင်း ၎င်း၏ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့သည်။ အမေရိကန်နှင့်တရုတ်နှစ်နိုင်ငံ၏ကုန်သွယ်မှုလိုငွေကို သိသိသာသာလျှော့ချရန် နည်းလမ်းတစ်ခု လည်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ နှစ်နိုင်ငံအကြား ယခင်ဆွေးနွေးမှုများတွင် မြေရှားသတ္တုတင်ပို့မှုအပေါ် တရုတ်နိုင်ငံ၏ကန့်သတ်ချက်များ ပါဝင်သည်။ ကမ္ဘာ့အကြီးဆုံးစီးပွားရေးနှစ်နိုင်ငံအနေဖြင့် ကုန်သွယ်ရေးဆိုင်ရာ ကိစ္စ ရပ်များကို မည်သို့ဆွေးနွေးညှိနှိုင်းအဖြေရှာမည်ဆိုသည်ကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်ကြောင်း NHK သတင်း ဌာန ဖော်ပြချက်အရ သိရသည်။