“တောင်ကိုရီးယားသမ္မတ လီဂျေမြောင် ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်မည်”
15 Aug
တောင်ကိုရီးယားသမ္မတ လီဂျေမြောင်သည် ဩဂုတ်လ ၂၃ ရက်တွင် ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါခရီးစဉ်သည် သမ္မတတာဝန်စတင် ထမ်းဆောင်ပြီးနောက် ဂျပန် နိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်မည့် ခရီးစဉ်ဖြစ်လာမည်ဖြစ်သည်။ တောင်ကိုရီးယားသမ္မတ လီဂျေမြောင်နှင့် ဂျပန်ဝန်ကြီးချုပ် အီရှီဘာတို့က သြဂုတ်လ ၂၃ ရက်တွင် တိုကျိုမြို့တော်၌တွေ့ဆုံကာ နှစ်နိုင်ငံကိစ္စရပ်များကို ဆွေးနွေးမည်ဖြစ်ကြောင်း ဂျပန်အစိုးရသတင်းရင်းမြစ်များက ပြောသည်။ ဂျပန်ဝန်ကြီးချုပ် အီရှီဘာ က သမ္မတ လီဂျေမြောင်နှင့်ယုံကြည်ခိုင်မာမှုရှိသောဆက်ဆံရေးကို တည်ဆောက်ရန်၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် နှစ်နိုင်ငံခေါင်းဆောင်များ အပြန်အလှန် လည်ပတ်ခြင်းဖြင့် နီးကပ်သောဆက်ဆံရေးကို မြှင့်တင်ရန် ထပ်လောင်းအတည်ပြုမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ပုံမှန်ပြန်လည်ထူထောင်ရေးနှစ် ၆၀ ပြည့် နှစ်ပတ်လည်နေ့ အထိမ်း အမှတ်အဖြစ် စီးပွားရေးနှင့်ပြည်သူအချင်းချင်းဖလှယ်ရေးမှအစပြု၍ နယ်ပယ်အသီးသီးတွင် နက်ရှိုင်းစွာ ပူးပေါင်း ဆောင်ရွက်သွားရန် ဂျပန်ဝန်ကြီးချုပ်အီရှီဘာက မျှော်မှန်းထားကြောင်း သိရသည်။ ခေါင်းဆောင်နှစ်ဦး က အမေရိကန် ပြည်ထောင်စုနှင့်လက်တွဲလုပ်ဆောင်ပြီး သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတလီဂျေမြောင် က အခိုင်အမာ မျှော်လင့်ထားသည်။ ဇွန်လတွင် ဂျပန်ဝန်ကြီးချုပ်အီရှီဘာနှင့် တောင်ကိုရီးယားသမ္မတလီဂျေမြောင်တို့သည် ကနေဒါနိုင်ငံ၌ ကျင်းပသည့် စက်မှုထိပ်သီး ခုနစ်နိုင်ငံ(ဂျီ - ၇) ထိပ်သီး အစည်းအဝေး၏ပြင်ပအစည်းအဝေးတွင် ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့ဆုံခဲ့ကြကြောင်း NHK သတင်းဌာန ဖော်ပြချက်အရ သိရသည်။