“ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းရှိ ဘူတာ ၁၀ ခုအထိ အသစ်ဆောက်လုပ်ပြီးစီး”
14 Aug
ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းစီမံကိန်းမှာ ပါဝင်တဲ့ ဘူတာ ၁၀ ခုကို အသစ်ဆောက်လုပ် ပြီးစီး၍ အသုံးပြုနေပြီဖြစ်ကြောင်း မြန်မာ့မီးရထားကနေ သိရပါတယ်။ အဆိုပါဘူတာအသစ်များကို ရန်ကုန်မြို့ပတ်လမ်း အတွင်းမှာ ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိမှာ ဆောက်လုပ်ဆဲဘူတာ ၂ ခုရှိပါတယ်။ အသစ်ဆောက်လုပ်ထားတဲ့ ဘူတာ ရုံများမှာ ရထားလက်မှတ်အရောင်းဌာန၊ အီလက်ထရွန်းနစ် ထိန်းချုပ်ခန်း၊ ငွေသိမ်းရုံးခန်းနှင့်သန့်စင်ခန်းများ ပါဝင်ပါတယ်။ ဘူတာအသစ်ဆောက်လုပ်ပြီးစီးခဲ့တဲ့ဘူတာ ၁၀ ခုမှာ ကမာရွတ်၊ သီရိမြိုင်၊ အုတ်ကျင်း၊ သမိုင်း၊ သမိုင်းမြို့သစ်၊ အောင်ဆန်း၊ ဖော့ကန်၊ ဥက္ကလာပ၊ ကျောက်ရေတွင်း၊ တာမွေ ဘူတာတို့ဖြစ်ပါတယ်။ ဟံသာဝတီနဲ့ တံတားလေးဘူတာကို တော့ ဆောက်လုပ်ဆဲဖြစ်ပါတယ်။ ရန်ကုန်မြို့ပတ်ရထားကို မြို့ပတ်လမ်းပိုင်း ၂၉ ဒသမ ၅ မိုင်အတွင်းမှာ DEMU တွဲဆိုင်း ၂ ဆိုင်းနှင့် RBE တွဲဆိုင်း ၄ ဆိုင်းတို့နဲ့ အသုံးပြုပြေးဆွဲပေးလျက်ရှိနေပြီး နေ့စဉ်ရထားအခေါက်ရေ ၂၇ ခေါက်အထိ ပြေးဆွဲပေးနေကြောင်းနှင့် နေ့စဉ် လိုက်ပါစီးနင်းနေတဲ့ ခရီးသည်ဦးရေ တစ်သောင်းခန့် ရှိနေကြောင်းသိရပါတယ်။ (NVS 004)