“အရှေ့တောင်အာရှဆိုင်ရာ ရုရှားအော်သိုဒေါ့ခရစ်ယာန်အသင်းတော်၏ မြန်မာနိုင်ငံဆိုင်ရာ အသင်းတော်စည်းမျဉ်း လက်မှတ်ရေးထိုး မှတ်တမ်းတင်ခြင်းအခမ်းအနားကျင်းပ”

13 Aug

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက အရှေ့တောင်အာရှဆိုင်ရာ ရုရှားအော်သိုဒေါ့ခရစ်ယာန်အသင်းတော် ၏ မြန်မာနိုင်ငံဆိုင်ရာ အသင်းတော်စည်းမျဉ်းများကို လက်မှတ်ရေးထိုး မှတ်တမ်းတင်ခြင်းအခမ်းအနားကို ဩဂုတ်လ ၁၂ ရက်က ရန်ကုန်မြို့ရှိ Summit Parkview Hotel ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E. Mr. Iskander AZIZOV၊ အရှေ့တောင်အာရှနှင့် စင်ကာပူနိုင်ငံဆိုင်ရာ ရုရှားအော်သိုဒေါ့ဘုန်းတော်ကြီး His Eminence SERGIY၊ ရုရှား ကိုယ်စားလှယ်အဖွဲ့၊ သာသနာရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း က နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်နှင့် အညီ မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား သာသနာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် သာသနာရေးလုပ်ငန်း ဆောင်ရွက်ခွင့်ပြုခြင်းဆိုင်ရာ သဘောတူစာချုပ် (Letter of Agreement on granting permission to carry out religious work)အား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်တွင် နေပြည်တော် MGallery Hotel ၌ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါတယ်။ ရုရှားအော်သိုဒေါ့အသင်းတော်အတွက် အသင်းအဖွဲ့ရုံးနှင့် ဘာသာရေးအဆောက်အအုံ ဆောက်လုပ်ခြင်း၊ ရန်ပုံငွေ ထူထောင်ခြင်း၊ ဘဏ်ငွေစာရင်းဖွင့်လှစ်ခြင်း၊ အသင်းတော်၏ ရည်ရွယ်ချက်နှင့်အညီ နိုင်ငံတော်အတွင်း ဘာသာရေး ဆိုင်ရာ လှုပ်ရှားဆောင်ရွက်ခြင်းများကို ဥပဒေနှင့်အညီ လျှောက်ထားရယူရာတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာနက လိုအပ်သည့်အကူအညီများ ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ရုရှားအော်သိုဒေါ့ အသင်းတော်စည်းမျဉ်း လက်မှတ် ရေးထိုးမှတ်တမ်းတင်ခြင်း အခမ်းအနားမှတစ်ဆင့် နှစ်နိုင်ငံအကြား ဘာသာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ ပိုမို အားကောင်းလာပါစေ၊ ချစ်ကြည်ရင်းနှီးမှုများ ရေရှည်တည်တံ့ပါစေ၊ အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုများ ပိုမို တည်တံ့နိုင်ပါစေကြောင်း ပြောကြားခဲ့ပါတယ်။ ထို့နောက် သာသနာရေးလုပ်ငန်းဆောင်ရွက်ခွင့်ပြုခြင်းဆိုင်ရာ သဘောတူစာချုပ်(LOA)ပါ “အရှေ့တောင်အာရှ ဆိုင်ရာ ရုရှားအော်သိုဒေါ့ခရစ်ယာန်အသင်းတော်၏ မြန်မာနိုင်ငံဆိုင်ရာအသင်းတော်စည်းမျဉ်း (Statute)” အား မှတ်တမ်းတင်လက်ခံထားရှိကြောင်း သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဘုန်းတော်ကြီး His Eminence SERGIY တို့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဆက်လက်ပြီး အရှေ့တောင်အာရှနှင့် စင်ကာပူနိုင်ငံဆိုင်ရာ ရုရှားအော်သိုဒေါ့ဘုန်းတော်ကြီး His Eminence SERGIY က အရှေ့တောင်အာရှဆိုင်ရာ ရုရှားအော်သိုဒေါ့ခရစ်ယာန်အသင်းတော်၏ မြန်မာနိုင်ငံဆိုင်ရာအသင်းတော် စည်းမျဉ်းအား ရေးဆွဲအတည်ပြုနိုင်ခဲ့မှုအပေါ် ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရပါတယ်။ (NVS-004)

13 Aug

ADVERTISE HERE .