“ရန်ကုန်ဈေးကွက်အတွင်း ရေချို၊ ရေငန်ပုစွန်များ အရောင်းအဝယ်ကောင်းမွန်လျက်ရှိ”
13 Augရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားလျက်ရှိတဲ့ ရန်ကုန်မြို့ရှိ ဈေးကွက်များသို့ ရေငန်ပုစွန်နှင့် ရေချိုပုစွန်များ ဝင်ရောက်ကာ အရောင်းအဝယ်ကောင်းမွန်နေပြီး ဈေးနှုန်းအမြင့်တွင် ရပ်တည်လျက်ရှိကြောင်း သိရပါတယ်။ ရာသီဥတုပြောင်းလဲမှုကြောင့် ငါးဖမ်းရာသီတစ်လကျော်အတွင်း အပြည့်အဝ ဖမ်းဆီးနိုင်မှုမရှိခြင်း၊ ရေချိုမွေးကန် များတည်ရှိရာ တွံတေး၊ ညောင်တုန်း ဘောလယ်ကျွန်း၊ ခတ္တိယနှင့် ပဲခူးတိုင်းဒေသကြီးရှိ မွေးမြူရေးကန်များတွင် ရေကြီးမှု ကြုံခဲ့ရသဖြင့် ယခုနှစ်တွင် မွေးမြူမှုရပ်နားထားခြင်းနှင့် ကောင်ရေပမာဏလျော့နည်း မွေးမြူထားခြင်းတို့ကြောင့် ဈေးကွက်အတွင်း ရောင်းလိုအားထက် ဝယ်လိုအားများလျက်ရှိရာ ယခုမိုးရာသီကာလ၌ ပုစွန်ဈေးနှုန်းက အမြင့်ပိုင်းတွင် ဆက်လက်ရပ်တည်နေခြင်းဖြစ်ပါတယ်။ လက်ရှိတွင် ရေငန်ပုစွန်ဖြစ်တဲ့ တိုက်ဂါးတစ်ပိဿာလျှင် ငွေကျပ် ၄၅,၀၀၀ မှ ၅၅,၀၀၀ ကျပ်၊ ဖလားဝါးနှင့် ဝှိုက် တစ်ပိဿာလျှင် ငွေကျပ် ၃၅,၀၀၀ မှ ၄၅,၀၀၀ ကျပ်နှင့် ရွှေပုစွန်တစ်ဿာလျှင် ငွေကျပ် ၂၃,၀၀၀ ကျပ်ဖြင့် ဒိုင်ဈေး ရောင်းချလျက်ရှိပြီး ရေချိုပုစွန်ဖြစ်တဲ့ ဘော့ချိတ်တစ်ပိဿာလျှင် ငွေကျပ် ၃၅,၀၀၀ ကျပ်နှင့် ပုစွန်ကြားတစ်ပိဿာလျှင် ငွေကျပ် ၆၀,၀၀၀ ကျပ်ဖြင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိနေပါတယ်။ ရန်ကုန်မြို့သို့ ဝင်ရောက်လာသည့် ရေငန်ပုစွန်များနဲ့ ရေချိုပုစွန်ဖြစ်သည့် ပုစွန်ကြားကို ပြည်ပပို့ကုန်အဖြစ် အအေးခန်းစက်ရုံများသို့ တင်ပို့၍ ဘော့ချိတ်ပုစွန်ကိုတော့ ပြည်တွင်းဈေးကွက်၌ ရောင်းချလေ့ရှိကာ လက်ရှိမှာ အရောင်းအဝယ် ကောင်းမွန်နေကြောင်း သိရပါတယ်။(NVS-004)