“ပြည်ပသို့ ငါးသလောက်တန်ချိန် တစ်သိန်းကျော်တင်ပို့ခဲ့”
11 Aug
ယခုဘဏ္ဍာနှစ်၏ သုံးလတာကာလအတွင်း ပြည်ပသို့ ငါးသလောက်တန်ချိန် ၁ သိန်းကျော်တင်ပို့ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။ ငါးသလောက်ကို တရုတ်နိုင်ငံ အပါအဝင် အိန္ဒိယ၊ ထိုင်း၊ ဂျပန်၊ စင်ကာပူ၊ ယူအေအီးစသည့် နိုင်ငံများသို့ တင်ပို့နေခြင်းဖြစ်ကြောင်း သိရပါတယ်။ လက်ရှိမှာ ငါးသလောက်အပါအဝင် ရေထွက်ကုန်ပစ္စည်းများကို နိုင်ငံပေါင်း ၄၀ ကျော်သို့တင်ပို့နေပြီး တရုတ်၊ ထိုင်း၊ အိန္ဒိယ တို့မှအဓိကဝယ်ယူမှုရှိသလို အိန္ဒိယစျေးကွက်မှလည်း ယခုနောက်ပိုင်းမှာ ပိုမိုဝယ်ယူရန် တောင်းဆို လာခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနကနေ သိရပါတယ်။ ၂၀၂၂ ခုနှစ်မှ စတင်၍ ငါးသလောက် ထိန်းသိမ်းရေးဧရိယာများ ဖော်ထုတ်နေပြီး ဧရာဝတီတိုင်းဒေသကြီး အတွင်း သားပေါက်ဧရိယာ ၁၁ နေရာသတ်မှတ်၍ တစ်နှစ်ပတ်လုံး မဖမ်းဆီးရန် ကြပ်မတ်ဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိပါတယ်။ မြန်မာနိုင်ငံမှ ပြည်ပတင်ပို့သော ရေထွက်ကုန်များတွင် အပါအဝင်ဖြစ်သော ငါးသလောက်များကို ရေရှည် တည်တံ့စေကာ အစဉ်မပြတ်ထုတ်လုပ်တင်ပို့နိုင်ရန်အတွက် ငါးလုပ်ငန်းဦးစီးဌာနက ငါးသလောက်များ၏ သားပေါက် နေရာများကို ထိန်းသိမ်းကာကွယ်ခြင်းများ ဆောင်ရွက်ခဲ့ပါတယ်။ ဧရာ၀တီတိုင်းဒေသကြီးအတွင်း တိုးမြစ်ကြောင်း၊ ဘိုကလေးမြစ်ကြောင်း၊ ပြန်မလော့မြစ်ကြောင်းနှင့် ရွေးမြစ်ကြောင်း စသည့် မြစ်ကြောင်းလေးခုတွင် အစီအစဉ်ချကာ ဆောင်ရွက်လျက်ရှိပါတယ်။ အဆိုပါမြစ်ကြောင်း ၄ ခုအတွင်း စက်တင်ဘာလ ၁၅ ရက်မှ အောက်တိုဘာလ ၁၅ ရက်အထိ ငါးသလောက် ဖမ်းဆီးခြင်းမပြုရကာလအဖြစ်သတ်မှတ်ကာ အသိပညာပေးခြင်း၊ သတိပေးတား မြစ်ခြင်းတို့ဖြင့် လုပ်ဆောင်လျက် ရှိပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်နှင့် မင်းပြားမြို့နယ်အကြားရှိ မင်းကြောင်းမြစ်အတွင်း ထိန်းသိမ်းရေး နေရာတစ်ခု၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး ဆက်စပ်နယ်မြေဖြစ်တဲ့ စစ်တောင်းမြစ်ဝ(Ramsar Site)မှာ ရာသီအလိုက် ငါးသလောက် ကာကွယ်ထိန်းသိမ်းရေး နေရာတစ်ခုနှင့် မွန်ပြည်နယ်ငါးဖမ်းကွက် အမှတ် D2 နှင့် D3မှာ ရာသီအလိုက် ပိတ်ပင်တားမြစ်ထားခြင်းများဖြင့် ပြုလုပ်ထားလျက်ရှိကြောင်း သိရပါတယ်။ (NVS 004)