“မြစ်ကြီးနားမြို့ကို City of Charm အဖြစ် တရုတ်-အာဆီယံ ကုန်စည်ပြပွဲမှာ ပါဝင်ပြသနိုင်ဖို့ စီစဉ်ဆောင်ရွက်”
11 Aug
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့မှာ ကျင်းပပြုလုပ်မယ့် (၂၂) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံ၏ နှစ်လိုဖွယ်ရာမြို့ City of Charm အဖြစ် ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့ကို ခမ်းနားထည်ဝါစွာ ပါဝင်ပြသသွားနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာ့ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရပါတယ်။ အဆိုပါကုန်စည်ပြပွဲကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်မှ ၂၁ ရက်အထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ ပြခန်းပေါင်း ၈၀ ပါဝင်ပြသသွားမှာဖြစ်သလို ဂုဏ်ထူးဆောင်နိုင်ငံအဖြစ် ပါဝင်ပြသ သွားမှာ ဖြစ်ပါတယ်။ ပြပွဲမှတစ်ဆင့် မြန်မာပြည်တွင်းရှိ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများမှ ထုတ်ကုန်များ တရုတ်နိုင်ငံဈေးကွက်အတွင်း ဝင်ရောက်နိုင်ရန် အခွင့်အလမ်းများရှာဖွေမှာဖြစ်သလို မြန်မာ့အရည်အသွေးမြင့် ကျောက်မျက်ရတနာများကိုလည်း ခင်းကျင်းပြသနိုင်ရန် စီစဉ်ထားရှိပါတယ်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၀၅ ခုနှစ်မှစ၍ တရုတ်-အာဆီယံအထူးပြပွဲများတွင် ပုံမှန်ပါဝင်ဆောင်ရွက်ခဲ့သလို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းက နန်နင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၂၁) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင်လည်း မြန်မာနိုင်ငံမှ ကျောက်မျက်ရတနာများ၊ တန်ဖိုးမြင့်စားသောက်ကုန်များ အပါအဝင် ပြခန်းပေါင်း ၈၀ ကျော်ကို ဝင်ရောက်ပြသခဲ့တယ်လို့ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရပါတယ်။ (NVS 004)