“ဂါဇာဒေသသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ဝင်ရောက်ခွင့်ပြုမည်”
06 Aug
ဂါဇာဒေသသို့ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများကို ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း အစ္စရေးတာဝန်ရှိသူများက ဩဂုတ်လ ၅ ရက်တွင် ပြောကြားသည်။ ဂါဇာဒေသရှိ ပုဂ္ဂလိကလုပ်ငန်းများမှတစ်ဆင့် ကုန်ပစ္စည်းများ ဖြန့်ဖြူးမည်ဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးဌာန အရပ်သားများဆိုင်ရာ စီမံခန့်ခွဲရေး တပ်ဖွဲ့က ပြောကြားသည်။ ဒေသတွင်းကုန်ပစ္စည်းများဝင်ရောက်ခွင့်ပြုသည့် ဆုံးဖြတ်ချက်ကို အစ္စရေးအစိုးရအဖွဲ့ က အတည်ပြုခဲ့ပြီး ဆောင်ရွက်ရန်ရှိသည့် စစ်ဆေးရေးကိစ္စရပ်များဆောင်ရွက်ပြီးမှသာ ကုန်ပစ္စည်းများကို ဂါဇာ ဒေသသို့ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ ဂါဇာဒေသသို့ ဝင်ရောက်ခွင့်ပြုမည့်ပစ္စည်းများတွင် စားသောက်ကုန်၊ အသီးအနှံနှင့်ဟင်းသီးဟင်းရွက်အပါအဝင် တစ်ကိုယ်ရေသုံးသန့်ရှင်းရေးပစ္စည်းများ ပါဝင် ကြောင်း သိရသည်။ ကုန်ပစ္စည်းများအတွက် ငွေပေးချေရာတွင် ဘဏ်ငွေလွှဲစနစ်ဖြင့် ပေးချေမည်ဖြစ်ကာ ကုန်ပစ္စည်းများကိုလည်း စစ်ဆေးမည်ဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။ ဂါဇာဒေသတွင် အစ္စရေးက ၂၀၂၃ ခုနှစ် အောက်တိုဘာမှစတင်၍ တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ပြီး ဒေသတွင်းကုန်ပစ္စည်းများ ဝင်ရောက်ခွင့်ကို ယခုနှစ် မတ်လ ၂ ရက်မှစတင်၍ ပိတ်ပင်ခဲ့သည်။ မေလတွင် ဂါဇာ ဒေသ၌ အမေရိကန်နှင့်အစ္စရေးတို့ဦးဆောင်သည့် ပုဂ္ဂလိကအစားအသောက်ဖြန့်ဖြူးရေးလုပ်ငန်းများအား ဒေသတွင်း ဖြန့်ဖြူးခွင့်ပေးခဲ့သည်။ ဇူလိုင်လနောက်ပိုင်းတွင် အကူအညီပေးရေးယာဉ်တန်းများကို ဝင်ရောက်ခွင့်ပြု ခဲ့ကာ အာရပ်နှင့်ဥရောပနိုင်ငံများမှ လေကြောင်းရိက္ခာများချပေးခြင်းကိုလည်း ဆောင်ရွက် ခွင့်ပြုခဲ့သော်လည်း ဒေသတွင်း အငတ်ဘေးကြုံတွေ့နေရကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ ဂါဇာဒေသတွင် လက်ရှိအချိန် အထိ အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် သေဆုံးသူ ၆၀,၉၃၃ ရှိကြောင်း ဆင်ဟွာသတင်းဌာန ဖော်ပြချက်အရ သိရသည်။