“နောင်ချိုမြို့မှာ ထုတ်လုပ်ထားတဲ့ ဘိလပ်မြေအိတ်များကို ငလျင်ဒဏ်ထူထောင်ရေးအတွက် စတင်ပို့ဆောင်နေ”

21 Jul

နောင်ချိုမြို့ရဲ့ အနောက်မြောက်ဘက် ၇ မိုင်ခန့်အကွာ လောင်ဖန်းကျေးရွာအနီးရှိ Crown ဘိလပ်မြေစက်ရုံမှ ထုတ်လုပ်ထားတဲ့ ဘိလပ်မြေအိတ်ပေါင်း ၃၆,၀၀၀ ကျော်ကို ငလျင်ဒဏ်ထူထောင်ရေးအတွက် မန္တလေးသို့ ဇူလိုင်လ ၂၀ ရက်မှာ စတင်ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။ တပ်မတော်အနေနဲ့ အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားတဲ့ တောင်ခမ်းဒေသတစ်ဝိုက်နှင့် နောင်ချိုမြို့တို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် တောင်ခမ်းဒေသတစ်ဝိုက်နှင့်နောင်ချိုမြို့နယ်တို့ကို အကြမ်းဖက် သမားများ ယာယီထိန်းချုပ်ထားစဉ်က ဒေသခံပြည်သူလူထုအနေဖြင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို ပစ်ပယ်ကာ ယာယီနေရပ်စွန့်ခွာခဲ့ရပြီး လူမှု၊ စီးပွားဘဝများနိမ့်ကျခဲ့ရတဲ့အပြင် ၎င်းအကြမ်းဖက်သမားများက နောင်ချို-ကျောက်ကြမ်း-အုမ္မခါး-အုမ္မသီး လမ်းကြောင်းကို ထိန်းချုပ်၍ ဒေသတွင်းကုန်စည်စီးဆင်းမှုများ ရပ်တန့်အောင် လုပ်ဆောင်ခဲ့ကြပါတယ်။ အခုလိုလုပ်ဆောင်ခဲ့မှုကြောင့် နောင်ချိုမြို့၏ အနောက်မြောက်ဘက် ၇ မိုင်ခန့်အကွာရှိ လောင်ဖန်းကျေးရွာ အနီးရှိ Crown ဘိလပ်မြေစက်ရုံမှ နေ့စဉ်ထုတ်လုပ်နေလျက်ရှိသော ဘိလပ်မြေများကို မန္တလေးငလျင်ကြီးကြောင့် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်စဉ်က လိုအပ်လျက်ရှိသောနေရာများသို့ လွယ်ကူလျင်မြန်စွာ ပေးပို့နိုင်ခြင်းမရှိသဖြင့် ပြည်သူလူထုအနေဖြင့် ဘိလပ်မြေများကို ဈေးနှုန်းမြင့်မားစွာ ဝယ်ယူသုံးစွဲခဲ့ကြရပါတယ်။ ယခုအခါ တပ်မတော်အနေဖြင့် တောင်ခမ်းဒေသတစ်ဝိုက်နှင့် နောင်ချိုမြို့နယ်တို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး နောင်ချို-ကျောက်ကြမ်း-အုမ္မခါး-အုမ္မသီး-ပြင်ဦးလွင်-မန္တလေး လမ်းကြောင်းကြီးကို ပြန်လည်ဖွင့်လှစ်ပေးနိုင်ပြီ ဖြစ်သဖြင့် ကုန်စည်စီးဆင်းမှုများ လွယ်ကူစွာစီးဆင်းနိုင်ခဲ့ပြီဖြစ်သလို ငလျင်ဒဏ်ပြန်လည်ထူထောင်ရေးလုပ်ငန်း များတွင် လိုအပ်လျက်ရှိသော ဘိလပ်မြေလိုအပ်ချက်ကို ဖြည့်စီးသည့်အနေဖြင့် Crown ဘိလပ်မြေစက်ရုံမှ ဘိလပ်မြေ စုစုပေါင်း ၁,၉၄၇ တန်(အိတ်ပေါင်း ၃၆,၅၈၀ အိတ်)တို့ကို မော်တော်ယာဉ် ၅၉ စီးဖြင့် ဇူလိုင်လ ၂၀ ရက်တွင် မန္တလေးမြို့နယ်သို့ စတင်ပို့ဆောင်ပေးနိုင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။ ယခုလို ဘိလပ်မြေများ ပြန်လည်ပို့ဆောင်ပေးနိုင်မှုကြောင့် မန္တလေးငလျင်ကြီးလှုပ်ခတ်ရာတွင် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သော လူနေအဆောက်အအုံများ၊ လမ်း၊ တံတားများ၊ စေတီ၊ ပုထိုးများ တည်ဆောက်မှုနှင့် အခြား တည်ဆောက်ရေးလုပ်ငန်းများမှာ အဓိကလိုအပ်ချက်ဖြစ်သော ဘိလပ်မြေများကို ပြည်သူလူထုအနေဖြင့် ဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူသုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိတွင် ဝန်ထမ်းအဆောက်အဦများကို ရှင်းလင်းရေးများလုပ်ဆောင်လျက်ရှိပြီး ပထမအသုတ်အဖြစ် ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လဝကဝန်ထမ်း တချို့ပြန်လည်ရောက်ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် နောင်ချိုမြို့အတွင်း စစ်ရှောင်ပြည်သူများ ပြန်လည်ရောက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။ (NVS 004)

21 Jul

ADVERTISE HERE .