နိုင်ငံတကာမီဒီယာများအနေဖြင့် အတည်မပြုရသေးသောသတင်းများ တင်ဆက်ဖော်ပြမှုကိုရှောင်ကြဉ်ရန် အိန္ဒိယ လေကြောင်းမတော်တဆဖြစ်မှု စုံစမ်းစစ်ဆေးရေးဗျူရိုတိုက်တွန်း
18 Jul
လတ်တလောရက်ပိုင်းတွင် အချို့သောမီဒီယာများက ယခုနှစ်ဇွန်လ၌ Air India လေကြောင်းကုမ္ပဏီ၏ ခရီးသည်တင်လေယာဉ်ပျက်ကျမှုအား စုံစမ်းစစ်ဆေးချက်အပေါ် သတင်းဖော်ပြမှုနှင့်စပ်လျဉ်း၍ လက်ရှိတွင် ခရီးသည်တင် လေယာဉ်ပျက်ကျမှု အကြောင်းရင်းအပေါ် တိကျသည့်ကောက်ချက်ချမှုမှန်သမျှသည် အချိန်စောလွန်းသေးကြောင်း၊ အချို့သော နိုင်ငံတကာမီဒီယာများက စုံစမ်းစစ်ဆေးမှု တရားမျှတမှုအား ထိခိုက်မှုဖြစ်စေသည့် မတိကျသော ပြောဆို ချက်များ ဖြန့်ချိတင်ဆက်မှုကို ရှောင်ကြဉ်သင့်ကြောင်း အိန္ဒိယလေကြောင်းမတော်တဆဖြစ်မှု စုံစမ်းစစ်ဆေးရေးဗျူရို (ABI) က ဇူလိုင်လ ၁၇ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ခရီးသည်တင်လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းအား စုံစမ်းစစ်ဆေးမှုသည် တင်းကျပ်၍ ကျွမ်းကျင်မှု အရှိဆုံးနည်းလမ်းဖြင့် လုပ်ဆောင်လျက်ရှိကြောင်း၊ သို့သော် အချို့သောနိုင်ငံတကာမီဒီယာများက ရွေးချယ်မှုရှိကာ အတည်မပြုရသေးသည့် သတင်းတင်ဆက်မှုများ ထပ်ခါတလဲလဲ လုပ်ဆောင်နေကြောင်း၊ ထိုကဲ့သို့လုပ်ရပ်များသည် တာဝန်ယူမှုမရှိကြောင်း၊ အထူးသဖြင့် စုံစမ်းစစ်ဆေးမှုလုပ်ဆောင်နေဆဲ အခြေအနေတွင်ဖြစ်ကြောင်း ကြေညာချက်၌ ဖော်ပြခဲ့သည်။ လက်ရှိတွင် အိန္ဒိယလေကြောင်းလုပ်ငန်း၏ ဘေးကင်းလုံခြုံမှုအပေါ် အများပြည်သူ၏ပူပန်မှု သို့မဟုတ် စိုးရိမ်မှု များကို မဖန်တီးသင့်ကြောင်းလည်း ကြေညာချက်၍ အလေးထားဖော်ပြထားသည်။ အိန္ဒိယနိုင်ငံမှ ဗြိတိန်နိုင်ငံသို့ ပျံသန်းသည့် Air India လေကြောင်းလိုင်းကုမ္ပဏီ၏ ဘိုးရင်း 787-8 အမျိုးအစား ခရီးသည်တင်လေယာဉ်တစ်စင်းသည် ဇွန်လ ၁၂ ရက်တွင် အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် Ahmedabad လေဆိပ်မှ စတင်ပျံသန်းထွက်ခွာပြီး မကြာမီတွင်ပျက်ကျခဲ့သည်။ အဆိုပါလေယာဉ်ပျက်ကျမှုကြောင့် စုစုပေါင်း လူ ၂၇၄ ဦး သေဆုံးခဲ့ရပြီး ၎င်းအနက် မြေပြင်မှ ၃၃ ဦးပါဝင်ကြောင်း အိန္ဒိယမီဒီယာများ သတင်းဖော်ပြချက်အရ သိရသည်။ အဆိုပါ မတော်တဆဖြစ်မှုတွင် ပါဝင်သည့် ခရီးသည်တင်လေယာဉ်သည် စတင်ပျံသန်းပြီးနောက် မကြာမီတွင် အင်ဂျင်နှစ်လုံးမှာ လောင်စာဆီပံ့ပိုးမှု ပြတ်တောက်သွားခဲ့သည်ဟု အိန္ဒိယလေကြောင်းမတော်တဆဖြစ်မှု စုံစမ်းစစ်ဆေးရေးဗျူရို (ABI) က ဇူလိုင်လ ၁၂ ရက်တွင် ထုတ်ပြန်သည့် ကနဦးစုံစမ်းစစ်ဆေးချက် အစီရင်ခံစာ၌ ဖော်ပြထားသည်။ အထက်ပါကြေညာချက်တွင် မည်သည့်မီဒီယာများက ရွေးချယ်မှုရှိကာ အတည်မပြုရသေးသည့် သတင်း တင်ဆက်မှုများ လုပ်ဆောင်ခဲ့သည်ကို မဖော်ပြထားသော်လည်း အချို့သောအိန္ဒိယမီဒီယာများက ထိုနေ့၌ အဆိုပါ ကြေညာချက်အား သတင်းဖော်ပြရာတွင် အမေရိကန် The Wall Street Journal ၏ ဇူလိုင်လ ၁၆ ရက် သတင်းဖော်ပြမှုကို ထည့်သွင်းဖော်ပြထားသည်။ ပျက်ကျမှုဖြစ်ပွားခဲ့သည့် ခရီးသည်တင်လေယာဉ်၏ မောင်းနှင်ခန်း အသံဖိုင်မှတ်တမ်းအရ လေယာဉ်မှူးသည် အင်ဂျင်နှစ်လုံး၏ လောင်စာဆီပံ့ပိုးမှု အဖွင့်အပိတ်ခလုတ်အား ပိတ်လိုက်သည်ဟု သံသယရှိကြောင်း The Wall Street Journal ၏ သတင်းတွင် ဖော်ပြထားသည်။