“တရားမဝင်ကုန်သွယ်မှု တားဆီး/ဖမ်းဆီးမှုများကို ထိရောက်စွာလုပ်ဆောင်နိုင်ရန် ညောင်ခါးရှည် အမြဲတမ်း စစ်ဆေးရေးစခန်း လုပ်ငန်းစတင်”
18 Julမြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်းကြောင်း၌ တရားမဝင်ကုန်သွယ်မှုများ ထိရောက်စွာတားဆီး/ဖမ်းဆီးမှုများ ဆောင်ရွက်နိုင်ရန်အတွက် ညောင်ခါးရှည်အမြဲတမ်းစစ်ဆေးရေးစခန်း လုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်ရှိ ညောင်ခါးရှည်အမြဲတမ်းစစ်ဆေးရေးစခန်း ကုန်ပစ္စည်းများ စတင်စစ်ဆေးခြင်း အခမ်းအနားကို ဇူလိုင်လ ၁၇ ရက်က အဆိုပါစစ်ဆေးရေးစခန်း၌ ကျင်းပပြုလုပ်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရဖွဲ့ဝင်ဝန်ကြီးများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြ ပါတယ်။ တရားမဝင်ကုန်သွယ်မှုများက နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို အဟန့်အတားဖြစ်စေပြီး နိုင်ငံတော်အတွက် ရသင့်ရထိုက်တဲ့ အခွန်ဘဏ္ဍာငွေများ ဆုံးရှုံးမှု ဖြစ်ပေါ်စေကြောင်း၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီက တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့များနှင့် OSS ဌာနဆိုင်ရာများအား စဉ်ဆက်မပြတ် တွန်းအားပေး ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ယခု ဖွင့်လှစ်ခဲ့တဲ့ ညောင်ခါးရှည်အမြဲတမ်းစစ်ဆေးရေးစခန်းနေရာအား ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ရာတွင် အဓိကကျတဲ့ လမ်းကြောင်း Choke Point နေရာအဖြစ် ရွေးချယ်တည်ဆောက်ထားခြင်းကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး တရားမဝင်ကုန်သွယ်မှု တားဆီး၊ ဖမ်းဆီးမှုများကို ထိရောက်စွာဆောင်ရွက်သွားရမည်ဖြစ်ပြီး တာဝန်ကျဝန်ထမ်းများအနေနဲ့ မိမိတို့ဌာနအလိုက် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရမည်ဖြစ်သလို နိုင်ငံတော်၏ ရည်မှန်းချက်ဖြစ်တဲ့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး လုပ်ငန်းများကိုလည်း အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် မှတ်ယူ၍ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့ပါတယ်။ (NVS-004)