“ကနေဒါအိုးပင်းပြိုင်ပွဲမှ နုတ်ထွက်လိုက်တဲ့ ဆာဘာလန်ကာ”

18 Jul

ကမ္ဘာ့အဆင့် (၁) တင်းနစ်မယ် ဘီလာရုစ်နိုင်ငံသူ ဆာဘာလန်ကာ ဟာ ဇူလိုင်လ ၂၆ ရက်မှာ စတင်မယ့် ကနေဒါအိုးပင်းပြိုင်ပွဲကို ဝင်ပြိုင်မှာမဟုတ်ဘူးလို့ ပြိုင်ပွဲကျင်းပရေးအဖွဲ့က အတည်ပြုပါတယ်။ အသက် ၂၇ နှစ်အရွယ် ဆာဘာလန်ကာ ဟာ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ဝင်ဘယ်ဒန်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် အဆင့်ကနေ ထွက်ရသလို ဩစတြေးလျအိုးပင်းနဲ့ ပြင်သစ်အိုးပင်းပြိုင်ပွဲတွေမှာ ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဒါကြောင့် အခုနှစ်တင်းနစ်ရာသီရဲ့ နောက်ဆုံးဂရင်းစလမ်ပြိုင်ပွဲဖြစ်တဲ့ ယူအက်စ်အိုးပင်းမှာ အောင်မြင်မှုရဖို့ ပစ်မှတ် ထားနေတာဖြစ်ပြီး ပွဲပန်းမှုကို ရှောင်လွှဲနိုင်ဖို့အတွက် ယူအက်စ်အိုးပင်းအကြိုပြိုင်ပွဲဖြစ်တဲ့ ကနေဒါအိုးပင်း ပြိုင်ပွဲကို ဝင်မပြိုင်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ အခုနှစ်ဂရင်းစလမ်ပြိုင်ပွဲ ၃ ခုမှာ ချန်ပီယံဆုနဲ့ ဝေးကွာခဲ့ရတဲ့ ဆာဘာလန်ကာ ဟာ ယူအက်စ်အိုးပင်းပြိုင်ပွဲ မှာတော့ လက်ရှိချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။ ကနေဒါပရိသတ်တွေအတွက် စိတ်မကောင်းဖြစ်ရတယ်ဆိုပေမယ့် လာမယ့်နှစ်ပြိုင်ပွဲမှာတော့ ပြန်ဆုံတွေ့နိုင်ဖို့မျှော်လင့်ပါတယ်လို့ ဆာဘာလန်ကာ က ပြောကြားခဲ့ပါတယ်။ ပွဲစဉ်တွေကို တောက်လျှောက်ယှဉ်ပြိုင်ခဲ့တဲ့ အကျိုးဆက်အဖြစ်နဲ့ ဝင်ဘယ်ဒန် ဆီမီးဖိုင်နယ်မှာ အကောင်းဆုံးလက်စွမ်းကို ပြသနိုင်ခြင်းမရှိခဲ့တာဖြစ်တယ်လို့ ဆာဘာလန်ကာက ဝန်ခံသွားပါတယ်။ (NVS 008)

18 Jul

ADVERTISE HERE .