“ဖိလစ်ပိုင်နိုင်ငံ ပါလာဝန်ပြည်နယ်၌ သင်္ဘောပြင်ဆင်ရေးအလုပ်ရုံများ အမေရိကန်ရေတပ်တည်ဆောက်မည်”

18 Jul

တောင်တရုတ်ပင်လယ်ဒေသနှင့် မျက်နှာချင်းဆိုင်တည်ရှိနေသည့် ဖိလစ်ပိုင်နိုင်ငံ၊ ပါလာဝန်ပြည်နယ်၌ ဖိလစ်ပိုင်ရေတပ်အတွက် စစ်သင်္ဘောပြင်ဆင်ထိန်းသိမ်းရေးအလုပ်ရုံများကို တည်ဆောက်ရန် အမေရိကန် ရေတပ်က စီစဉ်ထားကြောင်း သတင်းများကဖော်ပြခဲ့သည်။ တောင်တရုတ်ပင်လယ်ဒေသသည် တရုတ်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့ကြား နယ်မြေပိုင်ဆိုင်ခွင့် အငြင်းပွားမှုပြဿနာများ ဖြစ်ပွားနေသည့် ရေပြင်ဒေသဖြစ်ကြောင်း သိရသည်။ အမေရိကန်ရေတပ်အနေဖြင့် ပါလာဝန်ပြည်နယ်ရှိ ရှိုင်းစတားပင်လယ်အော်နှင့် ကွီဇွန်မြို့တို့၌ ဖိလစ်ပိုင် စစ်သင်္ဘောများအတွက် ပြင်ဆင်ရေးအလုပ်ရုံများ တည်ဆောက်ရန်စီစဉ်ထားကြောင်း ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက သတင်းထုတ်ပြန်ထားသည်။ တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်ဒေသ တစ်ခုလုံးနီးပါးကို ပိုင်ဆိုင်ခွင့်တောင်းဆိုထားပြီး ဖိလစ်ပိုင်နှင့် ဗီယက်နမ် အပါအဝင် အခြားဒေသတွင်းနိုင်ငံအချို့ကလည်း ယင်းပင်လယ်ဒေသကို တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်ခွင့်တောင်းဆိုထားကြောင်း သိရသည်။ ပါလာဝန်ပြည်နယ်သည် တောင်တရုတ်ပင်လယ်ဒေသရှိ ဖိလစ်ပိုင်အကျိုးစီးပွားများကို ကာကွယ်ရသည့် အနောက်ဘက်ဒေသ စစ်ဌာနချုပ်တည်ရှိရာ ပြည်နယ်ဖြစ်သည်။ ဒါ့အပြင် ဖိလစ်ပိုင်နိုင်ငံသည် အမေရိကန်နိုင်ငံ၏ သက်တမ်းအရှည်ဆုံး အာရှမဟာမိတ်နိုင်ငံလည်း ဖြစ်သည်။

18 Jul

ADVERTISE HERE .