“အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပါကစ္စတန်သို့ လာရောက်ဖွယ်ရှိ”
18 Jul
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အနေဖြင့် ယခုနှစ်စက်တင်ဘာလအတွင်း ပါကစ္စတန်နိုင်ငံသို့ လာရောက်ဖွယ်ရှိကြောင်း ပါကစ္စတန်ပြည်တွင်းမီဒီယာများက သတင်းများတွင် ဖော်ပြခဲ့သည်။ ပါကစ္စတန်ရုပ်သံမီဒီယာများ၏ သတင်းထုတ်ပြန်ချက် အတည်ဖြစ်ခဲ့ပါက အဆိုပါခရီးစဉ်သည် နှစ်ပေါင်း ၂၀ နီးပါးကာလအတွင်း အမေရိကန်သမ္မတတစ်ဦး၏ ပထမဆုံးပါကစ္စတန်ခရီးစဉ်အဖြစ် မှတ်တမ်းဝင်မည် ဖြစ်သည်။ ပါကစ္စတန်နိုင်ငံသို့ နောက်ဆုံးရောက်ရှိခဲ့သော အမေရိကန်သမ္မတမှာ ဂျော့ဒဗလျူဘုရှ် ဖြစ်ပြီး ၂၀၀၆ ခုနှစ် တွင် ပါကစ္စတန်သို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။ သမ္မတ ဒေါ်နယ်ထရမ့် ၏ ပါကစ္စတန်ခရီးစဉ်နှင့်ပတ်သက်၍ မိမိတို့ မည်သည့်အချက်အလက်ကိုမျှ မသိရသေးကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားသည်။ သို့ရာတွင် ပါကစ္စတန်မီဒီယာများ၏ အဆိုအရ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သည် ယခုနှစ်စက်တင်ဘာလတွင် အစ္စလာမ္မာဘတ်မြို့သို့ လာရောက်မည်ဖြစ်ပြီး ခရီးစဉ်ပြီးဆုံးချိန်တွင် အိန္ဒိယနိုင်ငံသို့ ဆက်လက်သွားရောက်ရန် စီစဉ်ထားကြောင်း သိရသည်။ ပြီးခဲ့သည့်လအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ပါကစ္စတန်စစ်ဦးစီးချုပ် ဖီးမာရှယ်လ် အက်ဆစ်မူနီရာ ကို အိမ်ဖြူတော်၌ လက်ခံတွေ့ဆုံခဲ့ပြီးနောက် အမေရိကန်နှင့် ပါကစ္စတန် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်လာခဲ့ကြောင်း သိရသည်။