“ကမ္ဘာလုံးဆိုင်ရာ မီးသတ်စွမ်းရည် ပြိုင်ပွဲအတွက် ပဏာမအဆင့် လူရွေးချယ်ပွဲပြုလုပ်”

18 Jul

ကမ္ဘာလုံးဆိုင်ရာ မီးသတ်စွမ်းရည်ပြိုင်ပွဲ (Global Firefighters & Paramedics Challenge )အတွက် ဇူလိုင်လ ၁၆ ရက်မှာ ပဏာမအဆင့် လူရွေးချယ်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါပဏာမလူရွေးချယ်ပွဲတွင် မီးသတ်သမားတစ်ဦးချင်းစွမ်းရည် Brave Heart(Individual)ကို မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် လေ့ကျင့်ရေးကွင်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြခြင်းဖြစ်ပါတယ်။ လူရွေးချယ်ပွဲတွင် ရှာဖွေ ကယ်ဆယ်ရေး(အထူး)အဖွဲ့ဝင်များနှင့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတို့မှ မီးသတ် တပ်ဖွဲ့ဝင် ၄၇ ဦးတို့ကို တစ်ဦးချင်း စံချိန်တင်စွမ်းရည်များအပေါ်မူတည်၍ ပြိုင်ပွဲပြုလုပ်ကာ ပဏာမအဆင့် လူရွေးချယ်ခဲ့ကြခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အနေဖြင့် Global Firefighters & Paramedics Challenge နိုင်ငံတကာအဆင့် တစ်ဦးချင်းမီးသတ်စွမ်းရည်ပြိုင်ပွဲများတွင် နိုင်ငံတကာမီးသတ်တပ်ဖွဲ့ဝင်များအကြား မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်နှင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ စွမ်းဆောင်ရည်သည် နိုင်ငံတကာ အဆင့်မီဖြစ်ကြောင်း နိုင်ငံဂုဏ်ဆောင်နိုင်ရန်အတွက်ရည်ရွယ်၍ ကြိုတင်ပြင်ဆင်လေ့ကျင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က အသိပေးထားပါတယ်။ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ နိုင်ငံတကာအဆင့် အောင်မြင်မှုများအနေဖြင့် ၂၀၂၃ ခုနှစ် စင်္ကာပူနိုင်ငံ၊ မြို့ပြ ကာကွယ်ရေးတပ်ဖွဲ့မှ ကျင်းပခဲ့တဲ့ Singapore Global Firefighters & Paramedics Challenge (SGFPC 2023) ပြိုင်ပွဲတွင်နိုင်ငံပေါင်း(၁၃)နိုင်ငံမှ နိုင်ငံတကာမီးသတ်တပ်ဖွဲ့ဝင်များနှင့်ယှဉ်ပြိုင်ခဲ့ရာ အဖွဲ့လိုက်အသက်ကယ်စွမ်းရည် ပြိုင်ပွဲတွင် ပထမဆုနှင့် မီးသတ်သမားတစ်ဦးချင်းစွမ်းရည် Brave Heart (Individual)ပြိုင်ပွဲတွင် နိုင်ငံတကာအဆင့် တတိယဆု ဆွတ်ခူးကာ နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ကျင်းပခဲ့တဲ့ ၂၀၂၄ ခုနှစ်အပြည်ပြည်ဆိုင်ရာ မော်တော်ယာဉ် မတော်တဆမှု ကယ်ဆယ်ရေးပြိုင်ပွဲမှာ နိုင်ငံပေါင်း ၉ နိုင်ငံမှ ပြိုင်ပွဲဝင်အသင်း ၁၀ သင်းနဲ့ ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံမီး သတ်တပ်ဖွဲ့မှ Best Team Leader ဆုကို ဆွတ်ခူးခဲ့ပြီး နိုင်ငံ့ဂုဏ်ဆောင်ကာ နိုင်ငံတကာအဆင့်မီမီးသတ်တပ်ဖွဲ့ တစ်ခုအဖြစ် ပြသနိုင်ခဲ့ကြောင်း သိရပါတယ်။ (NVS 003)

18 Jul

ADVERTISE HERE .