“MIC မှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၃၅ ခုကို ခွင့်ပြု”

18 Jul

ဆောင်ရွက်ဆဲ လက်ရှိရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများရဲ့ မတည်ငွေရင်းတိုးမြှင့်ခြင်းအပါအဝင် စက်မှုကဏ္ဍ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၉ ခုနှင့် စက်မှု၊ ဟိုတယ်ခရီး၊ ဝန်ဆောင်မှု၊ လျှပ်စစ်၊ စိုက်ပျိုး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ အိမ်ရာအဆောက်အအုံ၊ သတ္တု၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍများမှ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ၂၆ ခု တို့ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၄/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးမှာ ခွင့်ပြုပေးခဲ့တယ်လို့ သိရပါတယ်။ ခွင့်ပြုပေးခဲ့တဲ့ လုပ်ငန်းများရဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၇၂ ဒသမ ၈၆၅ သန်းနှင့် ငွေကျပ် ၆၇၂၈၃၅ ဒသမ ၂၆၅ သန်းဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၉၂၂၀ ကို ဖန်တီးပေးနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ ယင်းလုပ်ငန်းများတွင် နိုင်ငံအတွက် အဓိကလိုအပ်သည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ခြင်းလုပ်ငန်းများအပြင် ဝန်ဆောင်မှုလုပ်ငန်းများ၊ စားသောက်ကုန်ထုတ်လုပ်ငန်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်မယ့် အထည်ချုပ်လုပ်ငန်း များ ပါဝင်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၅ ခုနှစ် ဇွန်လကုန်အထိ ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ၊ ဒေသပေါင်း ၅၃ ခု အနက် စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့က ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်ထားသလို စီးပွားရေးကဏ္ဍ ၁၂ ခု အနက် စွမ်းအင်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒသမ ၃၃ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄ ဒသမ ၆၈ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ စက်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၅၄ ရာခိုင်နှုန်းဖြင့်လည်းကောင်း အများဆုံးရင်းနှီးမြှုပ်နှံထားကြောင်း သိရပါတယ်။ အဆိုပါမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ (၄/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ဇူလိုင်လ ၁၇ ရက်၊ နံနက်ပိုင်းမှာ နေပြည်တော်ရှိ ရုံးအမှတ်(၅) အစည်းအဝေးခန်းမမှာ ကျင်းပခဲ့ခြင်းဖြစ်ပြီး အစည်းအဝေးသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦး နှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။ (NVS 003)

18 Jul

ADVERTISE HERE .