“ငလျင်ဒဏ်ပြန်လည်ထူထောင်ရေးကိစ္စရပ်များအတွက် အထူးချေးငွေအစီအစဉ်နဲ့ ငွေကျပ်ဘီလီယံ ၇၀၀ သုံးစွဲ”

18 Jul

ငလျင်ကြောင့် ထိခိုက်ပျက်ဆီးခဲ့ရတဲ့ စီးပွားရေးလုပ်ငန်းများ အမြန်ဆုံးပြန်လည်လည်ပတ်နိုင်ရန်နှင့် အိုးအိမ် များပြန်လည်ထူထောင်ရန်၊ နေထိုင်မှုအဆင်ပြေစေရန် သက်သာသောအတိုးနှုန်းဖြင့် တစ်ဘက်တစ်လမ်းမှ ချေးငွေ ကျပ်ဘီလီယံ ၇၀၀ အသုံးပြု၍ ပံ့ပိုးပေးနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ပုံငွေကြီးကြပ်မှုဗဟိုကော်မတီကနေ သိရပါတယ်။ ငလျင်ဒဏ်ပြန်လည်ထူထောင်ရေးကိစ္စရပ်များအတွက် အထူးချေးငွေ အစီအစဉ်နဲ့ ဘဏ်နှင့်ဘဏ်မဟုတ်တဲ့ အဖွဲ့အစည်းများမှတဆင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုနဲ့ ရန်ပုံငွေစုစုပေါင်းကျပ် ၇၀၀ ဘီလီယံနဲ့ ဆောင်ရွက်မည် ဖြစ်ကြောင်း ရန်ပုံငွေကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ က ပြောကြားခဲ့ပါတယ်။ ငလျင်ဒဏ်ခံခဲ့ရတဲ့ နယ်မြေများပြန်လည်ထူထောင်ရေး ရန်ပုံငွေကြီးကြပ်မှုဗဟိုကော်မတီ ပထမကြိမ်အစည်းအဝေးမှာ ဒေါ်သန်းသန်းဆွေက ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ အဆောက်အုံနှင့်နေအိမ်များ ပြန်လည်တည်ဆောက်ရေးအတွက် အတိုးနှုန်း ၃ ရာခိုင်နှုန်း၊ MSME လုပ်ငန်း လည်ပတ်ရင်းနှီးငွေနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအတွက် အတိုးနှုန်း ၅ ရာခိုင်နှုန်း၊ စက်ရုံလုပ်ငန်းကြီးများ၏ စက်ယန္တယားကြီးများနှင့် ရင်းနှီးမြုပ်နှံမှုစရိတ်အတွက် အတိုးနှုန်း ၇ ရာခိုင်နှုန်း၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ ယာယီချေးငွေအတွက် အတိုးနှုန်း ၇ ရာခိုင်နှုန်းတို့နဲ့ ထုတ်ချေးမှာဖြစ်ပါတယ်။ အဆိုပါချေးငွေကို နိုင်ငံတော် ရန်ပုံငွေနဲ့ ထုတ်ချေးခြင်းဖြစ်တာကြောင့် ဆုံးရှုံးနိုင်ခြေမရှိအောင် ဝိုင်းဝန်းကြပ်မတ်ဆောင်ရွက်ရန် ဒေါ်သန်းသန်းဆွေ က ပြောကြားခဲ့ပါတယ်။ ငလျင်ကြောင့် နေပြည်တော်၊ စစ်ကိုင်းနှင့် မန္တလေးတို့မှာ ထိခိုက်ပျက်ဆီးမှုများရှိခဲ့ပြီး ရှေးဟောင်းအဆောက်ဦး၊ စေတီ၊ ဘာသာရေးအဆောက်အုံနှင့်လူနေအိမ်အများအပြား ထိခိုက်ပျက်ဆီးခဲ့ရပါတယ်။မန္တလေးငလျင်ကြီးဒဏ်ကြောင့် နေပြည်တော်အတွင်း တစ်စိတ်တစ်ပိုင်းပျက်စီးတဲ့နေအိမ် ၁,၅၀၇ လုံး၊ လုံးဝ ပျက်စီးတဲ့နေအိမ် ၁၀,၅၀၆ လုံးရှိခဲ့တာ ဖြစ်ပါတယ်။ (NVS 003)

18 Jul

ADVERTISE HERE .