ဆီးရီးယားနိုင်ငံ ဒမတ်စကပ်စ်မြို့ရှိ သမ္မတအိမ်တော်နှင့် စစ်ဌာနချုပ်တို့အား အစ္စရေး တိုက်ခိုက်

17 Jul

အစ္စရေးစစ်လေယာဉ်များက ဆီးရီးယားနိုင်ငံတောင်ပိုင်းတွင် ဇူလိုင်လ ၁၆ ရက်က လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်ခဲ့ပြီး ဒမတ်စကပ်စ်မြို့လယ်ရှိ ဆီးရီးယားစစ်တပ်၏ တပ်ပေါင်းစုကွပ်ကဲရေးဌာနချုပ်နှင့် သမ္မတ အိမ်တော်တို့အား တိုက်ခိုက်ခဲ့သည်။ ဒမတ်စကပ်စ်မြို့လယ်အား ပစ်မှတ်ထား၍ အနည်းဆုံးလေကြောင်းတိုက်ခိုက်မှု ငါးကြိမ်ထက်မနည်း လုပ်ဆောင် ခဲ့ရာ ထိုတိုက်ခိုက်မှုများအတွင်း အရပ်သားတစ်ဦးသေဆုံးပြီး ၁၈ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆီးရီးယားကျန်းမာရေးဌာန တာဝန်ရှိသူများကဆိုသည်။ ဆီးရီးယားစစ်တပ်၏ ပင်မကွပ်ကဲရေးဌာနချုပ် အဆောက်အအုံတည်ရှိရာ အူမေယက်ဒ်ရင်ပြင်မှ မီးခိုးလုံးများ တက်လာသည့် ဗီဒီယိုမှတ်တမ်းကို ပြည်တွင်းရုပ်သံတစ်ခုက ထုတ်လွှင့်ပြသခဲ့သည်။ အဆိုပါတိုက်ခိုက်မှုများကြောင့် ကွပ်ကဲရေးဌာနချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန အဆောက်အအုံ တစ်စိတ်တစ်ပိုင်း ထိခိုက်ပျက်စီးခဲ့ကာ နောက်ဆက်တွဲတိုက်ခိုက်မှုများကြောင့်လည်း အယ်လ်-မာလ်ကီ လူကုံထံရပ်ကွက်နှင့် သမ္မတအိမ်တော် အနီးရှိ အဆောက်အအုံများကို ထိမှန်ခဲ့သည်ဟု ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့က ဆိုသည်။ ယင်းအဆောက် အအုံများတွင်ရှိသော အဆင့်မြင့်အစိုးရအရာရှိများ၏ အခြေအနေကိုမူ လတ်တလောမသိရှိရသေးပေ။ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထိုစစ်ဆင်ရေးအား အတည်ပြုခဲ့ပြီး ဆီးရီးယားစစ်တပ်၏ တပ်မှူးများ အနေဖြင့် ဒမတ်စကပ်စ်မြို့ရှိ စစ်ဌာနချုပ်မှ ဆွီဒါဒေသသို့ တပ်များစေလွှတ်ခြင်း၊ စစ်ဆင်ရေးများကွပ်ကဲခြင်းတို့ကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဒမတ်စကပ်စ်မြို့ရှိ ဆီးရီးယားအစိုးရ၏ သမ္မတအိမ်တော်တည်ရှိရာနေရာရှိ စစ်ရေးပစ်မှတ်တစ်ခုကိုလည်း တိုက်ခိုက်ခဲ့သည်ဟု ၎င်းပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ဖော်ပြထားသည်။ အစ္စရေးအနေဖြင့် ဆီးရီးယားနိုင်ငံတောင်ပိုင်း ဆွီဒါပြည်နယ်တွင် အစိုးရစစ်တပ်ယာဉ်တန်းများနှင့် တပ်စွဲထားသော နေရာများကိုလည်း ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ အယ်လ်-မာဂျီမာဒေသတွင် အကြီးတန်းအရာရှိ သုံးဦးထက်မနည်း သေဆုံးခဲ့သည်ဟု ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့၏ အဆိုအရသိရသည်။ ယင်းဒေသ၌ အစောပိုင်းက ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှုများအတွင်း ခုနစ်ဦးထက်မနည်းသေဆုံးခဲ့သဖြင့် စုစုပေါင်းဆီးရီးယားတပ်ဖွဲ့ဝင် ၁၀ ဦးအထိ သေဆုံးခဲ့သည်။ ဇူလိုင်လ ၁၆ ရက်နှောင်းပိုင်းက ပြုလုပ်ခဲ့သည့် နောက်ထပ်လေကြောင်းတိုက်ခိုက်မှုများအတွင်း အုပ်ချုပ်ရေးမှူး အိမ်တော်၊ စစ်ဘက်ထောက်လှမ်းရေးဌာနခွဲနှင့် နိုင်ငံသားမှတ်တမ်းရုံးအပါအဝင် ဒါရာမြို့နှင့်အနီးဝန်းကျင်ရှိ နေရာ အများအပြားကို တိုက်ခိုက်ခဲ့သည်ဟု ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့က ဆိုသည်။ အစ္စရေး ဂျက်တိုက်လေယာဉ်များက ဒမတ်စကပ်စ်မြို့ ကျေးလက်ဒေသဖြစ်သော အယ်လ်-ကီဆဝါမြို့ကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လတ်တလောတွင်မူ လူအသေအပျောက် ဖြစ်ပွားခဲ့သည့်သတင်းများ ထွက်ပေါ်လာခြင်းမရှိသေးပေ။ ဆီးရီးယားနိုင်ငံရှိ ဒရုစ်ဇ်အသိုင်းအဝိုင်း၏ ဗဟိုချက်ဖြစ်သော ဆွီဒါပြည်နယ်တွင် ဆီးရီးယားအစိုးရတပ်များနှင့် ဒရုစ်ဇ် လက်နက်ကိုင်အဖွဲ့များကြား အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်ခဲ့ပြီးနောက် အစ္စရေး၏တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ယင်းဒေသ၌ ဇူလိုင်လ ၁၃ ရက်မှစ၍ လူပေါင်း ၂၄၈ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရသည်ဟု စစ်ပွဲ စောင့်ကြည့်ရေးအဖွဲ့က ပြောကြားခဲ့သည်။ ဒရုစ်ဇ်အသိုင်းအဝိုင်းမှာ အစ္စလာမ်ဘာသာမှ အခြေတည်ပေါ်ထွန်းလာသည့် ဘာသာအယူဝါဒနှင့် လူမျိုးစုအရ လူနည်းစုအသိုင်းအဝိုင်းဖြစ်ကာ ဆီးရီးယား၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် အဓိကနေထိုင်ပြီး ဂျော်ဒန်နှင့် အခြားနေရာ များတွင်လည်း အနည်းငယ်စီနေထိုင်လျက်ရှိကြောင်း သိရသည်။ အစ္စရေးအနေဖြင့် ဒရုစ်ဇ်လူနည်းစုများအား ရန်ပြုတိုက်ခိုက်ခံရခြင်းမှ ကာကွယ်ရန်ရည်ရွယ်လျက် ဒမတ်စကပ်စ် မြို့နှင့် ဆွီဒါပြည်နယ်တို့ကို တိုက်ခိုက်မှုအများအပြား လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

17 Jul

ADVERTISE HERE .