အီရန်နိုင်ငံအနေဖြင့် ၎င်း၏ အချုပ်အခြာအာဏာနှင့် ဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက်ရာတွင် တရုတ်နိုင်ငံက ဆက်လက်အားပေးထောက်ခံသွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

17 Jul

အီရန်နိုင်ငံအနေဖြင့် ၎င်း၏အချုပ်အခြာအာဏာနှင့် ဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက်ရာတွင်လည်းကောင်း၊ အင်အားသုံး၍ နိုင်ထက်စီးနင်းပြုမူသော နိုင်ငံရေးစနစ်နှင့် ဗိုလ်ကျအနိုင်ကျင့်မှုကို တွန်းလှန်ရာတွင်လည်းကောင်း၊ အီရန်၏ တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားများကို နိုင်ငံရေးအရ စေ့စပ်ညှိနှိုင်းခြင်းဖြင့် ကာကွယ်ရာတွင်လည်းကောင်း၊ ၎င်း၏ အိမ်နီးချင်းနိုင်ငံများနှင့် စဉ်ဆက်မပြတ်ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရေးအတွက် အိမ်နီးချင်းကောင်းပီသမှုနှင့် ချစ်ကြည်ရင်းနှီးမှုရှိရေး မူဝါဒအား လက်ကိုင်ပြုကျင့်သုံးရာတွင်လည်းကောင်း တရုတ်နိုင်ငံက ဆက်လက်အားပေး ထောက်ခံ သွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ က ဇူလိုင်လ ၁၆ ရက်၌ ပြောကြားခဲ့သည်။ တရုတ်နိုင်ငံမြောက်ပိုင်း ထျန်းကျင်းမြို့၌ အီရန်နိုင်ငံခြားရေးဝန်ကြီး ဆေယက် အာဘတ်စ် အာရက်ဂ်ချီနှင့် တွေ့ဆုံစဉ် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ ဝမ် က အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။ အာရက်ဂ်ချီ သည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများ ကောင်စီ အစည်းအဝေးတက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် ဘက်ပေါင်းစုံ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဖြစ်သည့်အလျောက် အပြန်အလှန် ယုံကြည်မှု နက်နက်ရှိုင်းရှိုင်းရှိရေး၊ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရေး၊ ကူးလူးဆက်ဆံမှုများ တိုးမြှင့်ရေး၊ တရုတ်-အီရန် ဆက်ဆံရေး တည်တည်ငြိမ်ငြိမ်ဖြင့် ရေရှည်တိုးတက်မှုကို အားပေးမြှင့်တင်ရေးအတွက် အီရန်နိုင်ငံနှင့် အတူလက်တွဲ လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ဝမ် က ပြောကြားခဲ့သည်။ အာရက်ဂ်ချီ ကလည်း အီရန်နိုင်ငံအပေါ် တန်ဖိုးမဖြတ်နိုင်သော အားပေးပံ့ပိုးမှုများအတွက် တရုတ်နိုင်ငံအား ကျေးဇူး တင်ရှိကြောင်း၊ SCO အလှည့်ကျဥက္ကဋ္ဌဖြစ်သော တရုတ်နိုင်ငံ၏ အခန်းကဏ္ဍနှင့် ထျန်းကျင်း ထိပ်သီးအစည်းအဝေးအတွက် ပြင်ဆင်ဆောင်ရွက်မှုများကိုလည်း ထောက်ခံအားပေးကြောင်း ပြောကြားခဲ့သည်။ အီရန်နိုင်ငံအနေဖြင့် နှစ်နိုင်ငံအကြား အဆင့်မြင့်ကူးလူးဆက်ဆံမှုများကို မြှင့်တင်ကာ အပြန်အလှန် အကျိုးဖြစ်ထွန်း စေသော ပူးပေါင်းဆောင်ရွက်မှုများကို နက်နက်ရှိုင်းရှိုင်းရှိစေပြီး အပြန်အလှန်ပံ့ပိုးကူညီမှုများကို ခိုင်ခိုင်မာမာ ဆက်လက် လုပ်ဆောင်ရန် ဆန္ဒရှိသည်ဟု ၎င်းကဆိုသည်။ နှစ်ဖက်အနေဖြင့် အီရန်နျူကလီးယားအရေးနှင့် စပ်လျဉ်း၍လည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။ အာရက်ဂ်ချီ က အီရန်အနေဖြင့် နျူကလီးယားလက်နက်များ တီထွင်ရန် လုံးဝရည်ရွယ်ခြင်းမရှိကြောင်း ထပ်လောင်း အတည်ပြုခဲ့သော်လည်း နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုသော တရားဝင်အခွင့်အရေးကိုမူ စွန့်လွှတ်မည် မဟုတ်ဟု ပြောကြားခဲ့သည်။ အီရန်နျူကလီးယားအရေးကို နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန် ကြိုးပမ်းသည့်အနေဖြင့် တန်းတူညီမျှမှု၊ လေးစားမှုအပေါ် အခြေခံ၍ သက်ဆိုင်သူအားလုံးနှင့် ဆွေးနွေးညှိနှိုင်းမှုများကို အမြန်ဆုံးပြန်လည်စတင် နိုင်ရန်လည်း အီရန်နိုင်ငံက ဆန္ဒရှိနေသည်။ ဝမ် က တရုတ်နိုင်ငံအနေဖြင့် အင်အားသုံးခြင်း သို့မဟုတ် အင်အားသုံး၍ခြိမ်းခြောက်ခြင်းကို အစဉ်အမြဲ ဆန့်ကျင်ကာ မတူကွဲပြားမှုများကို တွေ့ဆုံဆွေးနွေးခြင်း၊ ဆွေးနွေးတိုင်ပင်ခြင်းဖြင့် ဖြေရှင်းရေးကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် နျူကလီးယားလက်နက် တီထွင်ခြင်းမပြုရန် အီရန်၏ ကတိကဝတ်ပြုမှုအပေါ် များစွာတန်ဖိုး ထားသကဲ့သို့ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုသော အီရန်၏ အခွင့်အရေးကိုလည်း လေးစားမှုရှိကာ သံတမန် နည်းလမ်းများမှတစ်ဆင့် ငြိမ်းချမ်းမှုအား ရှာဖွေခြင်းကိုလည်း အသိအမှတ်ပြုလျက်ရှိသည်။ တရုတ်နိုင်ငံအနေဖြင့် သက်ဆိုင်သူ အားလုံးနှင့် အပြန်အလှန်ဆွေးနွေးမှု အရှိန်အဟုန်ကို ထိန်းသိမ်းလျက်ရှိသော အီရန်နိုင်ငံအား ထောက်ခံအားပေးကြောင်း၊ အီရန် နျူကလီးယားအရေးအတွက် အဖြေရှာရေးနှင့် အရှေ့အလယ်ပိုင်းဒေသ တည်ငြိမ်ရေးကို အထောက်အကူပေးရာတွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ရန်ဆန္ဒရှိကြောင်း ဝမ် က ပြောကြားခဲ့သည်။

17 Jul

ADVERTISE HERE .