“ယခုဘဏ္ဍာနှစ် သုံးလတာကာလအတွင်း ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၄ သိန်းကျော်တင်ပို့”
17 Jul
ယခု ၂၀၂၅–၂၀၂၆ ဘဏ္ဍာနှစ် ပထမသုံးလတာကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၄၄၃,၀၀၀ တင်ပို့ထားကြောင်း မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန်သည်များအသင်းမှ သိရပါတယ်။ ယခုဘဏ္ဍာနှစ် ဧပြီလမှ ဇွန်လအထိ သုံးလတာကာလအတွင်း ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၃၆၀ နီးပါးရရှိထားပြီဖြစ်ကာ ယခုဘဏ္ဍာနှစ်အတွင်းမှာ ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၈၃ သန်း တင်ပို့နိုင်ရန်လျာထားပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၈ ဘီလီယံရရှိရန် ဆောင်ရွက်လျက် ရှိနေပါတယ်။ ပြည်ပသို့ နိုင်ငံတကာဈေးကွက်ဝင် ပဲမျိုးစုံတင်ပို့ရာတွင် ဈေးကွက်အသစ်ထက် လက်ရှိတင်ပို့လျက်ရှိနေတဲ့ ဈေးကွက်များကို ပိုမိုတိုးချဲ့နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ပြည်ပသို့ ပဲမျိုးစုံတင်ပို့ရာမှာ ပင်လယ်ရေကြောင်းမှ အဓိကထား တင်ပို့နေခြင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်က ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၂ ဒသမ ၁၄ သန်း တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၂ ဘီလီယံ ရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှ ပဲမျိုးစုံကို အိန္ဒိယနိုင်ငံသို့ အများဆုံး တင်ပို့ နေတာဖြစ်ပြီး တရုတ်နဲ့ ဥရောပသမဂ္ဂနိုင်ငံများကိုလည်း တင်ပို့လျက်ရှိနေပါတယ်။ ပြည်ပသို့တင်ပို့ရာတွင် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ပဲယဉ်း၊ ထောပတ်ပဲ အစရှိတဲ့ ပဲအမျိုးအစားပေါင်း ၂၀ ကို တင်ပို့နေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန်သည်များအသင်းမှ သိရပါတယ်။ (NVS-004)