“စိစစ်ရေးလုပ်ငန်းများမှာ အဂတိမှုများမရှိစေရေး ကြပ်မတ်သွားမယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ်ဆို”

17 Jul

မန္တလေးတိုင်းဒေသကြီးအတွင်း တရားမဝင်စက်သုံးဆီနှင့်ကုန်စည်များ ဖြတ်သန်းသယ်ဆောင်မှုမရှိစေရေး အလေးထားဆောင်ရွက်နေပြီး စိစစ်ရေးလုပ်ငန်းများမှာ ထုတ်ပြန်ထားတဲ့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လေးစား လိုက်နာကာ အဂတိမှုများမရှိစေရေး ကြပ်မတ်သွားရမယ်လို့ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် တရားမဝင်စက်သုံးဆီနှင့်ကုန်စည်များ ဖြတ်သန်းသယ်ဆောင်မှုမရှိစေရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေရေး အလေးထားဆောင်ရွက်နေရာမှာ စိစစ်ရေးလုပ်ငန်းအဖွဲ့များ ဖွဲ့စည်းပေးထားပြီး လုပ်ငန်း များကို လုံခြုံရေးသတိ၊ လုံခြုံရေးအသိတို့ဖြင့် ထိရောက်အောင်မြင်အောင် ဆောင်ရွက်သွားရမယ်လို့ ဝန်ကြီးချုပ် ဦးမျိုးအောင် က ဇူလိုင်လ ၁၄ ရက်ကပြုလုပ်တဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ ထို့အတူ ဧရာဝတီတံတား(ရတနာပုံ)၊ မြစ်ကူးတံတား (မန္တလေး) တို့ကို ဖြတ်သန်းသွားလာမယ့် ယာဉ်များကို စိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ ယာဉ်ကြောကျပ်တည်းခြင်းမဖြစ်ပေါ်စေရန်နှင့် ခရီးသွားများအခက်အခဲများ မရှိစေရန်အတွက် ၁၅ တန်နှင့်အထက်ကုန်တင်ယာဉ်များမှာ အမရပူရမြို့နယ်ရှိ ပြည်ကြီးမင်္ဂလာကုန်တင်ယာဉ် ရပ်နားစခန်း(စွယ်တော်ကားကွင်း)ရှိ စစ်ဆေးရေစခန်းမှာလည်းကောင်း၊ ၁၅ တန်အောက် ကုန်တင်ယာဉ်များ၊ ခရီးသွားယာဉ်များနှင့် ကိုယ်ပိုင်ယာဉ်များကို ဧရာဝတီတံတား(ရတနာပုံ)၊ မြစ်ကူးတံတား(မန္တလေး) စစ်ဆေးရေးဂိတ် အနီးရှိ စစ်ဆေးရေးစခန်းတို့မှာလည်းကောင်း စစ်ဆေးမှုခံယူ၍ ဖြတ်သန်းသွားလာခွင့်ပြုသွားမယ်လို့ သိရပါတယ်။ ဒါ့အပြင်တံတားရေရှည်ကြံ့ခိုင်ရန်အတွက် ၁၅ တန်နှင့်အထက် ကုန်တင်ယာဉ်များမှာ မန္တလေး(ရွှေကြက်ယက်) ဆိပ်ကမ်းနှင့်စစ်ကိုင်းဆိပ်ကမ်းတို့အကြား ပုဂ္ဂလိကပိုင်တွဲရေယာဉ်များနဲ့ ဖြတ်သန်းသွားကြရမှာ ဖြစ်ပါတယ်။ (NVS 004)

17 Jul

ADVERTISE HERE .