တရုတ်နိုင်ငံအနေဖြင့် မိမိတို့၏အကျိုးစီးပွားကို ထိခိုက်စေမည့် စည်းကြပ်ခွန် သဘောတူညီချက်မှန်သမျှကို ဆန့်ကျင်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြော
30 Jun
“စည်းကြပ်ခွန် သက်သာခွင့်” ဟူသောအရာအတွက် တရုတ်နိုင်ငံ၏အကျိုးစီးပွားကို ထိခိုက်စေလျက် အမေရိကန်နှင့် ကုန်သွယ်ရေးသဘောတူညီချက်ရယူမည့် မည်သည့်နိုင်ငံကိုမဆို တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇွန်လ ၂၈ ရက်၌ ပြောကြားခဲ့သည်။ “အဲဒီလို အခြေအနေတစ်ရပ်ရပ် ပေါ်ပေါက်လာမယ်ဆိုရင် တရုတ်နိုင်ငံက လက်သင့်ခံမှာမဟုတ်ဘဲ နိုင်ငံရဲ့ တရားဝင်အခွင့်အရေးတွေ၊ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ ခိုင်မာပြတ်သားတဲ့ တန်ပြန်အစီအမံတွေ လုပ်ဆောင်သွားမှာ ဖြစ်တယ်” ဟု အမေရိကန်နှင့် အခြားနိုင်ငံများအကြား မကြာမီက ကုန်သွယ်ရေးဆွေးနွေးမှုများနှင့် စပ်လျဉ်း၍ သတင်းဌာနတစ်ခု၏ မေးမြန်းမှုအပေါ် အဆိုပါပြောရေးဆိုခွင့်ရှိသူက တုံ့ပြန်ပြောဆိုခဲ့သည်။ “အမေရိကန်ဟာ ကုန်သွယ်ဖက်နိုင်ငံတွေအပေါ် ‘အပြန်အလှန်စည်းကြပ်ခွန်’ ဆိုတဲ့အစီအစဉ်ကို ဧပြီလကစပြီး တွန်းအားပေး လုပ်ဆောင်လာခဲ့တာပါ။ အဲဒါက နိုင်ငံစုံပါဝင်တဲ့ ကုန်သွယ်ရေးစနစ်ကို အကြီးအကျယ်ထိခိုက်စေပြီး ရှိရင်းစွဲ နိုင်ငံတကာကုန်သွယ်ရေးစည်းစနစ်ကို ပျက်ပြားစေတဲ့ တစ်ဖက်သတ်ဗိုလ်ကျအနိုင်ကျင့်မှု လုပ်ရပ်စစ်စစ် ဖြစ်တယ်” ဟု ၎င်းကပြောကြားခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် ထိုကဲ့သို့သော လုပ်ရပ်များအပေါ် အစဉ်တစိုက် ပြတ်ပြတ်သားသား ဆန့်ကျင်သည်ဟု ဆက်လက်ပြောကြားခဲ့သည်။ အခြားသော နိုင်ငံများအနေဖြင့် အမေရိကန်နှင့် ကုန်သွယ်ရေးဆိုင်ရာ သဘောထားကွဲလွဲမှုများအား တန်းတူ ညီမျှမှုအပေါ် အခြေခံသော ဆွေးနွေးညှိနှိုင်းမှုများဖြင့် ဖြေရှင်းရန်ကြိုးပမ်းမှုများကို တရုတ်နိုင်ငံက ကြိုဆိုပါကြောင်း၊ ထို့အတူ ဘက်မလိုက်မှုနှင့် တရားမျှတမှုကို ထိန်းသိမ်းရန်၊ သမိုင်း၏ မှန်ကန်သောဘက်တွင် ဆက်လက်ရပ်တည်ရန်၊ နိုင်ငံတကာကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ စည်းမျဉ်းများအပြင် နိုင်ငံစုံပါဝင်သော ကုန်သွယ်ရေးစနစ်ကိုလည်း မဆုတ်မနစ် ကာကွယ်စောင့်ရှောက်ရန် ဘက်အသီးသီးအား တိုက်တွန်းလိုကြောင်း အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ “နိုင်ငံတစ်နိုင်ငံအနေနဲ့ မိမိတို့ရဲ့မူဝါဒနဲ့ ရပ်တည်ချက်ကို ခိုင်ခိုင်မာမာကာကွယ်မှသာ မိမိတို့ရဲ့ တရားဝင် အခွင့်အရေးတွေကို အမှန်တကယ် ကာကွယ်စောင့်ရှောက်နိုင်မယ်ဆိုတာကို သက်သေပြနေတယ်” ဟု တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။