“အမျိုးသမီးအာရှဖလားခြေစစ်ပွဲမှာ တာ့ခ်မင်နစ္စတန်အသင်းကို ၈ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ မြန်မာအသင်း”
30 Jun
2026 AFC အမျိုးသမီးအာရှဖလားခြေစစ်ပွဲမှာ အိမ်ရှင်မြန်မာအမျိုးသမီးအသင်းက တာ့ခ်မင်နစ္စတန် အမျိုးသမီးအသင်းကို ၈ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ကြောင်း သိရပါတယ်။ အဆိုပါ အမျိုးသမီးအာရှဖလားခြေစစ်ပွဲကို ဇွန်လ ၂၉ ရက် နေ့လယ်ပိုင်းက ယှဥ်ပြိုင်ကစားကြခြင်းဖြစ်ပြီး မြန်မာအမျိုးသမီးအသင်းအနေနဲ့ ပထမပိုင်းပွဲချိန် ၁၁ မိနစ်၊ ၂၈ မိနစ်နှင့် ၃၈ မိနစ်တို့မှာ ဝင်းဝင်း က မြန်မာအသင်း အတွက် ဟတ်ထရစ် ၃ ဂိုးသွင်းယူနိုင်ခဲ့သလို ခင်မိုမိုထွန်း က ပွဲချိန် ၄၅ မိနစ်တွင် ၁ ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ထို့နောက် ဒုတိယပိုင်းမှာလည်း ပွဲချိန် ၄၈ မိနစ် စန်းသော်သော် က ၁ ဂိုးထပ်မံသွင်းယူခဲ့သလို မေထက်လူက ပွဲချိန် ၅၂ မိနစ်တွင်လည်းကောင်း၊ ခင်မိုမိုထွန်းက ပွဲချိန် ၇၅ မိနစ်တွင်လည်းကောင်း၊ ရွှေရီထွန်းက ပွဲချိန် မိနစ် ၉၀ တွင်လည်းကောင်း အသီးသီး သွင်းယူခဲ့ကြပါတယ်။ ယခုယှဥ်ပြိုင်နေတဲ့ 2026 AFC အမျိုးသမီးအာရှဖလား ခြေစစ်ပွဲ၏ အုပ်စုစီပွဲစဉ်များကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဇွန်လ ၂၉ ရက်မှ ဇူလိုင်လ ၅ ရက်အထိ လက်ခံကျင်းပသွားမည် ဖြစ်ကြောင်းလည်း သိရပါတယ်။ (NVS 008)