“မြန်မာနိုင်ငံရှိ MSME လုပ်ငန်းများမှာ လာရောက်ရင်းနှီးမြှုပ်နှံရန် မြန်မာသံအမတ်ကြီးမှ ဖိတ်ခေါ်”

30 Jun

မြန်မာနိုင်ငံရှိ MSME လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံမှုများလာရောက်ပြုလုပ်ရန် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီးဦးတင်မောင်ဆွေမှ ဇွန်လ ၂၇ ရက်က ပေကျင်းမြို့၊ CP Group Center ကုလသမဂ္ဂဆိုင်ရာ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများအထိမ်းအမှတ်နေ့အဖြစ်ကျင်းပသည့် ၂၀၂၅ ခုနှစ်၊ တတိယအကြိမ် မြောက် ကမ္ဘာ့အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းညီလာခံတွင် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပါတယ်။ ယခုကျင်းပသော ညီလာခံသည် နိုင်ငံများကြား အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး၊ ဆင်းရဲမှု လျှော့ချရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေးတို့အတွက် အဓိကကျ သောအခန်းကဏ္ဍမှပါဝင်တဲ့ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ(MSMEs) ဖွံ့ဖြိုးတိုးတက် ရေးအတွက် လက်တွေ့အကျိုးရလဒ်များ ထွက်ပေါ်လာစေမယ့် သက်သေအထောက်အထားတစ်ခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဝင်ငွေတိုးတက်မှုရရှိစေရေးအတွက် ဒေသအလိုက် ဆန်းသစ်တီထွင်၍ယှဉ်ပြိုင်နိုင်စွမ်းရှိသော ထုတ်ကုန်များဖန်တီးထုတ်လုပ်ခြင်းနဲ့ MSMEs လုပ်ငန်းများ ပိုမိုကောင်းမွန် လာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကာ ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခုမဟာဗျူဟာနဲ့ ဒေသထွက်ကုန်များ ထုတ်လုပ်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် MSMEs ကုန်စည်ပြပွဲများကို အခါအားလျော်စွာ ကျင်းပလျက်ရှိပြီး မြန်မာနိုင်ငံရှိ MSMEs ထုတ်ကုန်များ အရည်အသွေးမြှင့် တင်ထုတ်လုပ်နိုင်ရေး၊ အလုပ်သမားများအရည်အသွေးတိုးမြှင့်ရေးတို့အတွက် နည်းပညာရပ်ဆိုင်ရာသင်တန်းများပေးခြင်း၊ အတွေ့အကြုံ မျှဝေခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်းဆောင်ရွက်ခြင်းတို့ လာရောက်ဆောင်ရွက်ရန် မြန်မာသံအမတ်ကြီးက ဖိတ်ခေါ်ခဲ့ပါတယ်။ ညီလာခံဖွင့်ပွဲသို့ CPC ဗဟိုကော်မတီ အပြည်ပြည်ဆိုင်ရာဌာန၏ လက်ထောက်ဝန်ကြီး၊ ပါတီ ကော်မတီအတွင်းရေးမှူးနှင့် တရုတ်နိုင်ငံအထွေထွေကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ၊ တရုတ်နိုင်ငံ အသေးစား၊ အငယ်စား နှင့်အလတ်စားကူးသန်းရောင်းဝယ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း တည်ထောင်သူဥက္ကဋ္ဌ၊ ကုလသမဂ္ဂ စီးပွားရေး နှင့် လူမှုရေးရေးရာဖွံ့ဖြိုးတိုးတက်ရေးဌာန ညွှန်ကြားရေးမှူးနှင့် တရုတ်နိုင်ငံရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား ဆိုင်ရာအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ဧည့်သည်တော်များ တက်ရောက်ကြပါတယ်။ (NVS 003)

30 Jun

ADVERTISE HERE .