“၄ နှစ်ကျော်ကာလအတွင်း လူဦးရေ ၉ ဒသမ ၈ သန်းကျော်ကို နိုင်ငံသားမှတ်ပုံတင်ထုတ်ပေးပြီးဖြစ်”
30 Jun
ပန်းခင်းစီမံချက်ဖြင့် ၂၀၂၁ ခုနှစ်မှစတင်၍ လက်ရှိအချိန်ထိ ၄ နှစ်ကျော်ကာလအတွင်း လူဦးရေ ၉ ဒသမ ၈ သန်းကျော်ကို နိုင်ငံသားမှတ်ပုံတင်များ ထုတ်ပေးပြီးဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၏ စာရင်းများအရ သိရပါတယ်။ ဝန်ကြီးဌာနအနေဖြင့် အဆိုပါပန်းခင်းစီမံချက်ကို နိုင်ငံသားတစ်ဦးသည် နိုင်ငံသားအခွင့်အရေး အပြည့်အဝ ရရှိရန်နှင့် နိုင်ငံသားတစ်ဦးအဖြစ် ခိုင်ခိုင်မာမာအသိအမှတ်ပြုနိုင်ရန်အတွက် ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်နေ့မှစတင် ဆောင်ရွက်ခဲ့ပြီး အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားမှတ်ပုံတင်ကတ်ပြားများကို သက်ဆိုင်ရာမြို့နယ်များရှိ ရပ်ကွက် ၊ ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာအရ ပန်းခင်းစီမံချက်နဲ့ ၄ နှစ်ကျော်ကာလအတွင်း ပန်းခင်းစီမံချက်အဆင့် ၁၊ ၂၊ ၃ အထိ တိုးမြှင့်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ အသက် ၁၀ နှစ်မှ ၁၈ နှစ်ကြားရှိ လူဦးရေ ၂,၂၃၅,၈၃၅ ဦး၊ အသက် ၁၈ နှစ်နှင့်အထက် လူဦးရေ ၂,၄၃၉,၅၅၅ ဦး၊ အသက် ၁၈ နှစ်ပြည့်လဲလှယ်ထုတ်ပေးခြင်းအနေနဲ့ လူဦးရေ ၂,၃၂၇,၁၀၆ ဦး၊ ပျောက်ဆုံးပျက်စီးအနေနဲ့ ကတ်ပြားမိတ္တူထုတ်ပေးခြင်းမှာ လူဦးရေ ၂,၈၃၇,၃၆၆ ဦး၊ စုစုပေါင်းလူဦးရေ ၉,၈၃၉,၈၆၂ ဦးတို့ကို နိုင်ငံသားမှတ်ပုံတင်များ ထုတ်ပေးဆောင်ရွက် ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။ ပန်းခင်းစီမံချက်ကို လက်ရှိတွင်လည်းဆောင်ရွက်ပေးလျက်ရှိပြီး ပန်းခင်းစီမံချက်အဆင့် ၃ အနေဖြင့် လာမည့် အောက်တိုဘာလ ၃၁ ရက်နေ့အထိကို ဆောင်ရွက်ပေးရန်လျာထားကြောင်း၊ ယင်းကာလနောက်ပိုင်းမှာ ရွေးကောက် ပွဲပြုလုပ်ချိန်အထိ ရပ်ကွက်၊ ကျေးရွာများမှာ ကိုင်ဆောင်သင့်တဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်မျိုးမျိုး မရှိခဲ့ပါက သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများမှတဆင့် စာရင်းတင်ပြလာပါက ကွင်းဆင်းဆောင်ရွက်ပေးသွား မှာဖြစ်ကြောင်း သိရပါတယ်။ (NVS 003)