“သံ၊ သံမဏိများထုတ်လုပ်ရာမှာ မဖြစ်မနေလိုက်နာရမယ့် စံချိန်စံညွှန်းများကို သတ်မှတ်နိုင်ရေးဆောင်ရွက်”
30 Jun
မြန်မာပြည်တွင်းက ထုတ်လုပ်တဲ့ သံ၊ သံမဏိတွေနဲ့ပတ်သက်လို့ စံချိန်စံညွှန်းသုံးခုကို မဖြစ်မနေလိုက်နာ ရမယ့် စံချိန်စံညွှန်းများအဖြစ် သတ်မှတ်နိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း က ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်မှာရှိတဲ့ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီရုံးမှာ ဇွန်လ ၂၈ ရက်တွင် ကျင်းပခဲ့တဲ့ ❛ငလျင်အပြီးပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌ ငလျင်ဒဏ်ခံနိုင်သော ဆောက် လုပ်ရေးလုပ်ငန်းသုံး သံမဏိများ၏အရေးပါမှုနှင့်အသုံးပြုနိုင်မှု❜ အသိပညာပေးဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဆောက်လုပ်ရေးလုပ်ငန်းသုံး သံနဲ့ သံမဏိတွေကို တစ်နှစ်မှာ ပျမ်းမျှတန်ချိန် တစ်သန်းခန့် နှစ်စဉ်သုံးစွဲနေရပြီး ပြည်တွင်းကထုတ်လုပ်တဲ့ သံနဲ့သံမဏိက တစ်နှစ်မှာ ပျမ်းမျှတန်ချိန် နှစ်သိန်းကျော်သာရှိတဲ့ အတွက် ပြည်ပကနေ တန်ချိန်ရှစ်သိန်းခန့် တင်သွင်းနေရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပြည်တွင်းမှာ တိုးမြှင့် ထုတ်လုပ်လာနိုင်တဲ့ သံ၊ သံမဏိတွေနဲ့ ပြည်ပကနေ တင်သွင်းလာမယ့် သံ၊ သံမဏိတွေကို အရည်အသွေး၊ စံချိန် စံညွှန်းထိန်းသိမ်းနိုင်ရေး ကြပ်မတ်စစ်ဆေးဆောင်ရွက်ဖို့ လိုအပ်တယ်လို့ စက်မှုဝန်ကြီးက ပြောကြားခဲ့သလို စံချိန် စံညွှန်းနဲ့ကိုက်ညီပြီး အရည်အသွေးကောင်းမွန်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံး သံ၊ သံမဏိတွေ ထုတ်လုပ်သွားကြဖို့ ကို တိုက်တွန်းပြောကြားခဲ့တယ်လို့ သိရပါတယ်။ (NVS 003)