စစ်ရေးအသုံးစရိတ်လျှော့ချရန် စီစဉ်ထားကြောင်း ရုရှားသမ္မတ ပူတင် ပြောကြား
29 Jun
ရုရှားနိုင်ငံအနေဖြင့် လာမည့်နှစ်တွင် စစ်ရေးအသုံးစရိတ်လျှော့ချရန် စီစဉ်ထားကြောင်း ရုရှားသမ္မတ ပူတင် က ဇွန်လ ၂၇ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ မြောက်အတ္တလန်တစ်စာချုပ်အဖွဲ့(နေတိုး) အဖွဲ့ဝင်နိုင်ငံများက နောင်လာမည့် ၁၀ နှစ်အတွင်း ကာကွယ်ရေး အသုံးစရိတ်မြှင့်တင်ရန် စီစဉ်ထားချိန်တွင် ရုရှားနိုင်ငံက ကာကွယ်ရေးအသုံးစရိတ်လျှော့ချရန် စီစဉ်ထားခြင်း ဖြစ်သည်။ နေတိုးအုပ်စုအနေဖြင့် နှစ်စဉ် စစ်ရေးအသုံးစရိတ်မြှင့်တင်ရန် စီစဉ်ထားခြင်းမှာ ၎င်းတို့၏ကိစ္စသာ ဖြစ်ကြောင်း ရုရှားသမ္မတက ပြောကြားထားသည်။ သို့ရာတွင် ရုရှားနိုင်ငံအနေဖြင့် လာမည့်နှစ်မှစ၍ သုံးနှစ်တာအတွင်း စစ်ရေးအသုံးစရိတ်ကို လျှော့ချရန် စီစဉ်နေကြောင်း ရုရှားသမ္မတပူတင် က ပြောကြားခဲ့သည်။ ရုရှားနိုင်ငံသည် ယူကရိန်းပဋိပက္ခ စတင်ဖြစ်ပွားခဲ့သည့် ၂ဝ၂၂ ခုနှစ်မှစ၍ နှစ်စဉ် စစ်ရေးအသုံးစရိတ်ကို အကြီးအကျယ်မြှင့်တင် သုံးစွဲခဲ့သည်။ လက်ရှိအချိန်တွင် သုံးနှစ်ကျော်ကြာ ယူကရိန်းပဋိပက္ခမှာ ပြီးဆုံးမည့်လက္ခဏာမျိုး မတွေ့ရသေးဘဲ ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း စစ်ရေးအရှိန် ပို၍အားကောင်းလာခဲ့ကြောင်းသိရသည်။