အီရန်ခေါင်းဆောင် ခါမေနီ ကို သမ္မတ ဒေါ်နယ်ထရမ့် ဝေဖန်

29 Jun

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သည် ဇွန်လ ၂၇ ရက်တွင် အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ ကို ပြင်းထန်စွာဝေဖန်ခဲ့ပြီး အရေးယူပိတ်ဆို့မှုများ ဖြေလျှော့မည့်အစီအစဉ်ကိုလည်း စွန့်လွှတ်ခဲ့ကြောင်း သိရသည်။ ယင်းအပြင် အီရန်နိုင်ငံအနေဖြင့် ယူရေနီယံလောင်စာ သန့်စင်မှုကို စိုးရိမ်ရဖွယ်အဆင့်ထိ မြှင့်တင်ခဲ့ပါက အီရန်ကို ထပ်မံဗုံးကြဲတိုက်ခိုက်ရေးအတွက် မိမိအနေဖြင့်စဉ်းစားမည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့် က ပြောကြားခဲ့သည်။ အစ္စရေးနှင့် အီရန် ၁၂ ရက်ကြာပဋိပက္ခ ပြီးဆုံးပြီးနောက် ပြောကြားခဲ့သော အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ ၏မိန့်ခွန်းကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က အဆိုပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ အီရန်နျူကလီးယားအဆောက်အအုံများကို အမေရိကန်လေတပ်က တိုက်ခိုက်ခဲ့ပြီးနောက် ကာတာနိုင်ငံရှိ အမေရိကန်စစ်စခန်းကို တိုက်ခိုက်ခဲ့ခြင်းဖြင့် အမေရိကန်နိုင်ငံကို တုံ့ပြန်နိုင်ခဲ့ကြောင်း အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ က ဇွန်လ ၂၆ ရက် ရုပ်သံမိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။ မိမိသည် အယာတိုလာခါမေနီ ၏အသက်ကို မယူရန် အစ္စရေးကို တားဆီးပေးခြင်းဖြင့် ၎င်း၏အသက်ကို ကယ်ပေးထားသူဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့် က ဇွန်လ ၂၇ ရက်တွင် ပြောကြားထားသည်။ ယင်းအပြင် ခါမေနီ ၏ ရုပ်သံမိန့်ခွန်းကြောင့် အီရန်နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ လျှော့ပေါ့မည့် အစီအစဉ်ကိုလည်း ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း သမ္မတ ဒေါ်နယ် ထရမ့် က ကြေညာခဲ့သည်။

29 Jun

ADVERTISE HERE .