အသက်ကန့်သတ်လိုက်တာကြောင့် အလုပ်မရသေးသည့် သင်္ဘောသားလူသစ် ၁၇,၀၀၀ ကျော်ရှိ
28 Jun
လက်ရှိတွင် ရေကြောင်းပိုဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေနဲ့ မြန်မာနိုင်ငံကုန်သည်သင်္ဘော အက်ဥပဒေ ပုဒ်မ ၄၃ နဲ့ ၄၃(က) အရ မြန်မာသင်္ဘောသားတွေကို သင်္ဘောသားမှတ်ပုံတင်နဲ့ လုပ်သက်မှတ်တမ်း စာအုပ် (SIRB) များကို ယာယီအနေနဲ့ အသက်ကန့်သတ်ပြီး ထုတ်ပေးသွားမယ်လို့ ထုတ်ပြန်ထားတာပါတယ်။ ဒါကြောင့် အခုအချိန်အထိ အလုပ်မရသေးဘဲ သင်္ဘောတက်ရန် စောင့်ဆိုင်းနေရတဲ့ သင်္ဘောသားလူသစ် ၁၇,၁၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။ စာအုပ်သက်တမ်းရှိ သင်္ဘောသားဦးရေ ၈၆,၀၀၀ ကျော်ရှိပြီး ထိုအထဲမှ သင်္ဘော တက်ရောက်ပြီးသူ ၆၉,၁၀၀ ရှိကာ အလုပ်မရသေးတဲ့ သင်္ဘောသား ၁၇,၀၀၀ ကျော်ရှိကြောင်း သိရပါတယ်။ ဒါ့အပြင် သင်္ဘောသားမှတ်ပုံတင်လူသစ်လျှောက်ထားတဲ့အရေအတွက်ကလည်း ပိုမိုများလာတယ်လို့ သိရပါတယ်။ ယခုလို အသက်ကန့်သတ်ရခြင်းမှာ သင်္ဘောပိုင်ရှင် Stakeholder များ က သင်္ဘောသားအဖြစ် တာဝန် ထမ်းဆောင်ရန် အသက်ကန့်သတ်ချက်ထားပေးဖို့ တောင်းဆိုခြင်းကြောင့်ဖြစ်ပြီး လုပ်ငန်းသဘောအရငယ်ရွယ် ကာ ကျန်းမာရေးကောင်းမွန်သော သင်္ဘောသားများကို ပိုမိုလိုအပ်တာကြောင့် လတ်တလောမှာ အသက် အကန့် အသတ်ဖြင့် သင်္ဘောသားမှတ်ပုံတင်နဲ့လုပ်သက်မှတ်တမ်းကို ထုတ်ပေးနေခြင်း ဖြစ်ပါတယ်။ အချို့မှာ မြန်မာ သင်္ဘောသားများသည် ပြည်ပသို့ရောက်ရှိချိန်တွင် သင်္ဘောပေါ်ပြန်မတက်ဘဲ (Jump Ship) များပြား လာတာ ကြောင့် သင်္ဘောကုမ္ပဏီများအနေနဲ့ မြန်မာသင်္ဘောသားများအပေါ် ယုံကြည်မှုနည်းပါးလာခြင်း ဖြစ်ကြောင်း သင်္ဘောသားအလုပ် လုပ်ကိုင်သူများထံမှ သိရပါတယ်။ နိုင်ငံတကာ သင်္ဘောသားဈေးကွက်တွင် လူငယ်များနှင့် အင်္ဂလိပ်စာ ကျွမ်းကျင်သူများကိုသာ ပိုမိုရွေးချယ်လာကြကြောင်း သိရပါတယ်။