တရုတ်နှင့်အမေရိကန် ပို့ကုန်ထိန်းချုပ်မှုဆိုင်ရာ သဘောတူညီချက် ရရှိ
28 Jun
တရုတ်နှင့်အမေရိကန်အစိုးရတို့အနေဖြင့် နှစ်နိုင်ငံကြား ပို့ကုန်ထိန်းချုပ်မှုဆိုင်ရာ သဘောတူညီချက် ရရှိပြီဖြစ်ကြောင်း သိရသည်။ အဆိုပါသဘောတူညီချက်အရ တရုတ်နိုင်ငံက သတ်မှတ်ထားသော ထိန်းချုပ်ပို့ကုန် များအတွက် ပို့ကုန်လျှောက်လွှာများကို စစ်ဆေးခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီး ဌာနမှ ဇွန်လ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။ အလားတူ အမေရိကန်နိုင်ငံကလည်း အဆိုပါ သဘောတူညီချက် အရ တရုတ်နိုင်ငံအပေါ် ချမှတ်ထားသည့် ကန့်သတ်ချက်များအနက် အချို့ကိုရုပ်သိမ်းပေးမည် ဖြစ်ကြောင်း တရုတ် ကုန်သွယ်ရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။ အမေရိကန်သမ္မတဒေါ်နယ် ထရမ့်ကလည်း ၎င်းအနေဖြင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေး သဘော တူညီချက်ကို လက်မှတ်ထိုးပေးလိုက်ပြီ ဖြစ်ကြောင်း ဇွန်လ ၂၆ ရက်တွင် ပြောသည်။ သို့သော် အသေးစိတ် အချက် အလက်များ ကိုမူ ထုတ်ဖော် ပြောထားခြင်းမရှိပေ။ တရုတ်နိုင်ငံမှ ဒုတိယဝန်ကြီးချုပ် ဟီလိုင်ဖန်းဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် အမေရိကန်နိုင်ငံမှဘဏ္ဍာရေးဝန်ကြီး စကော့ဘတ်ဆန့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တို့က ဇွန်လ ၉ ရက် တွင် လန်ဒန်မြို့၌တွေ့ဆုံကာ နှစ်ရက်ကြာ ဆွေးနွေးမှုများလုပ်ဆောင်ပြီးနောက် ယခုကဲ့သို့ ကုန်သွယ်ရေးသဘောတူညီချက်ရရှိခဲ့ခြင်း ဖြစ်သည်ဟု SCMP သတင်းဌာနဖော်ပြချက်အရ သိရသည်။