ဇယ်လန်းစကီးနှင့် ထရမ့်တို့ အပစ်အခတ်ရပ်စဲရေး အဆင့်များ ဆွေးနွေး
27 Jun
ယူကရိန်းနိုင်ငံ သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီး က ၎င်းနှင့် အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့် တို့ တွေ့ဆုံစဉ် အတွင်း ရုရှား-ယူကရိန်း ပဋိပက္ခ၌ အပစ်အခတ်ရပ်စဲရေး ရှေးရှုသောအဆင့်များအား ဆွေးနွေးခဲ့ကြောင်း ဇွန်လ ၂၅ ရက် က ပြောကြားခဲ့သည်။ “အပစ်အခတ်ရပ်စဲရေးနဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးရရှိအောင် ဘယ်လိုမျိုးလုပ်ဆောင်ကြမလဲဆိုတာကို ကျွန်တော်တို့ ဆွေးနွေးခဲ့ကြတယ်။ ကျွန်တော်တို့ ပြည်သူတွေကို ဘယ်လိုကာကွယ်ပေးရမလဲဆိုတာလည်း ပြောခဲ့ကြတယ်” ဟု ဇယ်လန်းစကီး က လူမှုမီဒီယာပလက်ဖောင်း X ပေါ်တွင် ရေးသားခဲ့သည်။ ငြိမ်းချမ်းရေး ပိုမိုနီးစပ်လာရေးအတွက် ကူညီပေးရန် အမေရိကန်နိုင်ငံ၏ အာရုံစိုက်မှုနှင့် အသင့်ရှိမှုကို ယူကရိန်း အနေဖြင့် ကျေးဇူးတင်ကြောင်းလည်း ဇယ်လန်းစကီး က ဆိုသည်။ ဇယ်လန်းစကီးနှင့် ထရမ့် တို့သည် နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့တွင် ကျင်းပသော နေတိုးအဖွဲ့ ထိပ်သီး အစည်းအဝေး၌ သီးခြားတွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။