သမ္မတဟောင်း ယွန်းဆက်ယိုအား ဖမ်းဝရမ်းထုတ်ပြန်ရန် တောင်းဆိုမှုကို တောင်ကိုရီးယား တရားရုံး ပယ်ချ

27 Jun

တောင်ကိုရီးယား သမ္မတဟောင်း ယွန်းဆက်ယို ၏ အချိန်ခဏသာကြာမြင့်သော စစ်အုပ်ချုပ်ရေးကြေညာမှုအား စုံစမ်းစစ်ဆေးနေသည့် အထူးအစိုးရရှေ့နေတစ်ဦးက လွန်ခဲ့သောရက်က ယွန်း အား ဖမ်းဝရမ်းထုတ်ပြန်ရန် တောင်းဆိုမှု အပေါ် တောင်ကိုရီးယားတရားရုံးက ဇွန်လ ၂၅ ရက်၌ ပယ်ချခဲ့သည်ဟု သတင်းဌာနများရဲ့ ဖော်ပြချက်အရ သိရသည်။ အထူးရှေ့နေက တောင်းဆိုမည်ဆိုလျှင် ယွန်း အနေဖြင့် လာရောက်အစစ်ဆေးခံမည်ဖြစ်ကြောင်း ၎င်း၏ ဥပဒေ အကျိုးဆောင်ဘက်က ပြောကြားခဲ့သည့်အတွက် ဆိုးလ်ဗဟိုခရိုင်တရားရုံးက ဖမ်းဝရမ်းထုတ်ပြန်မှုကို ပယ်ချလိုက်ခြင်း ဖြစ်ကြောင်း ယွန်း ၏ပုန်ကန်မှုနှင့် အခြားစွဲချက်များအပေါ် စုံစမ်းစစ်ဆေးမှုများကိုဦးဆောင်သည့် ချိုအွန်ဆော့ ၏ သီးခြား လွတ်လပ်သော ရှေ့နေအဖွဲ့က သတင်းထောက်များကို ပြောကြားခဲ့သည်။ အထူးအစိုးရရှေ့နေက ဇွန်လ ၂၈ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီ၌ လာရောက်အစစ်ဆေးခံရန် ယွန်းနှင့် ၎င်း၏ ဥပဒေအကျိုးဆောင်အား အကြောင်းကြားထားသည်ဟု သိရသည်။ သမ္မတဟောင်း ယွန်းဆက်ယို အနေဖြင့် ဇန်နဝါရီလအတွင်းက ၎င်းအားဖမ်းဆီးရန်ကြိုးပမ်းမှုကို ဟန့်တားရန်၊ စစ်တပ်မှ တပ်မှူးသုံးဦး အားပေးထားသည့် လုံခြုံရေးအစီအမံများ လုပ်ဆောင်ထားသော ဖုန်းများနှင့်ပတ်သက်သည့် အချက်အလက်များကို ဖျောက်ဖျက်ရန် သမ္မတသက်တော်စောင့်အဖွဲ့အား ညွှန်ကြားခဲ့သည့် စွဲချက်များအတွက် ဇွန်လ ၁၉ ရက်၌ လာရောက်အစစ်ဆေးခံရန် ရဲတပ်ဖွဲ့၏ တတိယအကြိမ်ဆင့်ခေါ်မှုကို ငြင်းဆန်ခဲ့သည်။ ပုန်ကန်မှုအား ဦးဆောင်သူအဖြစ် သံသယရှိမှုဖြင့် ယွန်း အား သမ္မတရုံးတွင် ဇန်နဝါရီလ ၁၅ ရက်က လာရောက် ဖမ်းဆီးခဲ့ပြီး ဇန်နဝါရီလ ၂၆ ရက်၌ စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။ သို့သော် တရားရုံးက ၎င်းအား ပြန်လွှတ်ပေးရန် အတည်ပြု ဆုံးဖြတ်မှုအပေါ် အယူခံမဝင်ရန် အစိုးရရှေ့နေများက ဆုံးဖြတ်ခဲ့ပြီးနောက် ယွန်း မှာ မတ်လ ၈ ရက်၌ ပြန်လွတ်မြောက် လာခဲ့သည်။ တောင်ကိုရီးယား ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ယမန်နှစ်ဒီဇင်ဘာလ၌ ယွန်း၏ စစ်အုပ်ချုပ်ရေးကြေညာမှုနှင့် ပတ်သက်၍ ၎င်းအားစွပ်စွဲပြစ်တင်သည့် အဆိုကို ဧပြီလ ၄ ရက်၌ အတည်ပြုခဲ့ပြီး ၎င်းအား ရာထူးမှ တရားဝင်ဖယ်ရှား ခဲ့သည်။

27 Jun

ADVERTISE HERE .