မေဂျာလိဂ်မှာ လစာအများဆုံးကစားသမား ဖြစ်လာတဲ့ မက်ဆီ
27 Jun
အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီ က ၂၀၂၅ အတွက် မေဂျာလိဂ်ကစားသမားတွေရဲ့ လစာအများဆုံး ကစားသမားဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ မက်ဆီ ဟာ ၂၀၂၃ ဇွန်လမှာ အင်တာမိုင်ယာမီအသင်းကို ၂ နှစ်ခွဲ စာချုပ်နဲ့ရောက်ရှိခဲ့ပြီး တစ်နှစ်လုပ်ခ ဒေါ်လာ ၁၂ သန်းနဲ့ အာမခံလျော်ကြေးအပါအဝင် ဒေါ်လာ ၂၀ ဒသမ ၄၅ သန်း ရရှိနေသူဖြစ်ပါတယ်။ ဒါ့အပြင် Adidas နဲ့ သဘောတူညီထားမှု၊ Apple နဲ့ ဝင်ငွေခွဲဝေမှုဆိုင်ရာ သဘောတူညီမှု များမှ အကျိုးခံစားခွင့်တွေ ထပ်မံရရှိရန် ရှိနေကြောင်းသိရပါတယ်။ သတင်းတွေရဲ့ဖော်ပြချက်အရ မက်ဆီ ဟာ အင်တာမိုင်ယာမီအသင်းနဲ့အတူ ရှိနေတဲ့ ၂ နှစ်ခွဲကာလအတွင်း ဒေါ်လာ သန်း ၁၅၀ လောက်အထိ ရရှိ ဖွယ်ရှိတယ်လို့ သိရပါတယ်။ အရင်က မေဂျာလိဂ်ရဲ့ လစာအများဆုံးကစားသမားဖြစ်ခဲ့တဲ့ တိုရွန်တိုအသင်း တိုက်စစ်မှူး အင်ဆစ်ဂ်နီ ကတော့ ဒေါ်လာ ၁၅ ဒသမ ၄ သန်းနဲ့ ဒုတိယနေရာကို ရောက်သွားခဲ့သလို မက်ဆီ ရဲ့ အင်တာမိုင်ယာမီအသင်းဖော် ဆာဂျီယို ဘက်စ်ကွက် က ဒေါ်လာ ၈ ဒသမ ၇ သန်းနဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။ ၂၀၂၅ မေဂျာလိဂ် ရာသီအကုန်တွင် မက်ဆီ နဲ့ အင်တာမိုင်ယာမီတို့ရဲ့ စာချုပ်ကုန်ဆုံးမှာဖြစ်ပြီး အင်တာမိုင်ယာမီအသင်းရဲ့ ပူးတွဲပိုင်ရှင် ဂျော့ချ် မက်စ် ကတော့ မက်ဆီ ကို စာချုပ်သစ်ချုပ်ဆိုနိုင်ရန် ကြိုးစားနေတယ်လို့ သိရပါတယ်။(NSV 008)