မြန်မာ့ဒူးရင်းသီးဖိုရမ်ကျင်းပ၍ ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ရေးဆွေးနွေး
27 Jun
မြန်မာနိုင်ငံအတွင်းမှ စိုက်ပျိုးထွက်ရှိသော မြန်မာ့မျိုးရင်း ဒူးရင်းသီးများကို ပြည်ပသို့ ပိုမိုကောင်းမွန်စွာ တင်ပို့နိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိတွင် ပြည်ပဈေးကွက်သို့ လမ်းကြောင်းအမျိုးမျိုးမှ တင်ပို့လျက်ရှိတဲ့ မြန်မာ့ဒူးရင်းသီးများအတွက် ခိုင်မာသော ပြည်ပဈေးကွက်အသစ် ဖော်ထုတ်ပေးနိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။ ဒူးရင်းစိုက်တောင်သူများနှင့်တွေ့ဆုံပြီး မြန်မာနိုင်ငံ၌ ဒူးရင်းသီးဖိုရမ်ကျင်းပ၍ အနံ့အရသာကောင်းမွန်ပြီး အထွက်နှုန်းကောင်းမွန်သော ဒူးရင်းမျိုးများကို ရွေးချယ်ဖော်ထုတ်နိုင်ရန်၊ အရည်အသွေးကောင်း ဒေသမျိုးများကို ပြည်တွင်းစားသုံးသူဈေးကွက်နှင့် ပြည်ပဈေးကွက်သို့ မိတ်ဆက်ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပါတယ်။ အဆိုပါဖိုရမ်ကို ဇွန်လ ၂၅ ရက်တွင် နေပြည်တော်၌ကျင်းပခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီး၊ မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းနှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဒူးရင်းတောင်သူများ တက်ရောက်ခဲ့ကြပါတယ်။ ၎င်းဖိုရမ်တွင် ဒူးရင်းသီးနှံ ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုနှင့် ဒေသတွင်းနိုင်ငံများ၏ စိုက်ပျိုးထုတ်လုပ်မှု အခြေအနေ၊ ဒူးရင်းစိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ပြည်တွင်း ဈေးကွက်အခြေအနေနှင့် ပြည်ပဈေးကွက်၏ အနာဂတ်အလားအလာ၊ ဒေသတွင်းနိုင်ငံများ၏ ဈေးကွက်အခွင့် အလမ်းများ၊ မြန်မာ့ဒူးရင်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးကွက်သစ်ဖော်ဆောင်နိုင်ရေးအတွက် ဆောင်ရွက် ထားရှိမှု၊ ဒူးရင်းသီးနှံအခြေခံထုတ်ကုန်များ ထုတ်လုပ်နေမှု၊ ဒူးရင်းသီးနှံနှင့် သက်ဆိုင်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား MSMEs လုပ်ငန်းများ၏ လက်ရှိဆောင်ရွက်နေမှုနှင့် အခွင့်အလမ်းကောင်းများကို ကဏ္ဍအလိုက် ဆွေးနွေးခြင်း၊ အုပ်စုဖွဲ့ဆွေးနွေးခြင်းနှင့် စကားဝိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။(NVS 003)