၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းတွင် ငွေကျပ် ၇ ဘီလီယံခန့် အသုံးပြုမည်
27 Jun
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းအတွက် ငွေကျပ် ၆ ဒသမ ၈၇ ဘီလီယံ သုံးစွဲရန် လျာထားကြောင်းနဲ့ ကျေးရွာပေါင်း ၄၅၈ ရွာကို ဖွံ့ဖြိုးရေးစီမံကိန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရပါတယ်။ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းများ ဆောင်ရွက်ပေးရန် ကျေးရွာများရွေးချယ်ရာတွင် လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့မှု၊ နယ်မြေလုံခြုံတည်ငြိမ်အေးချမ်းမှု၊ ဒေသခံများရဲ့ စိတ်ပါဝင်စားမှု စတဲ့အချက်များ အပါအဝင် အချက်(၆)ချက်ကို စိစစ်ပြီး ရွေးချယ်လျက်ရှိကြောင်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သိရပါတယ်။ မြန်မာနိုင်ငံမှာ ကျေးရွာပေါင်း ၆၃,၀၀၀ ကျော်ရှိတဲ့အနက် ၃၀ ဒသမ ၈၅ ရာခိုင်နှုန်းခန့်ကို ဖွံ့ဖြိုးရေး စီမံကိန်းများ လုပ်ဆောင်ပေးခဲ့ပြီးဖြစ်ပါတယ်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းတွေကို ပြီးခဲ့တဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှစတင်ကာ လက်ရှိအချိန်အထိ ကျေးရွာပေါင်း ၁၉,၀၆၁ ရွာကို ပြည်ထောင်စုရန်ပုံငွေကျပ် ၂၀၅ ဒသမ ၀၀၈ ဘီလီယံသုံးစွဲကာ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။ ကျေးလက်ဖွံ့ဖြိုးရေးစီမံကိန်းသည် ကျေးလက်နေပြည်သူတွေကိုယ်တိုင် မိမိတို့ကျေးရွာရဲ့ ပကတိလိုအပ်ချက် များကို ဖော်ထုတ်ပြီး ကဏ္ဍအလိုက် ဖွံ့ဖြိုးရေးအချက်အလက်များကို စနစ်တကျစုဆောင်း၍ ဖွံ့ဖြိုးရေးအစီအစဉ်များ ရေးဆွဲခြင်း ဖြစ်ပါတယ်။ အဆိုပါဖော်ထုတ်ရရှိတဲ့ အချက်အလက်များကိုစုစည်းပြီး အစီအမံများချမှတ်ကာ ကျေးရွာလူထု ကိုယ်တိုင် တိုက်ရိုက်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရပါတယ်။(NVS 003)