“ဝါဆိုလပြည့်နေ့မှစ၍ ရွှေတိဂုံစေတီတော်တွင် ဝါတွင်းကာလ တရားပွဲနှင့် သီလခံယူပွဲများ ကျင်းပသွားမည်”
27 Jun
လာမည့် ဝါဆိုလပြည့်နေ့မှစတင်၍ ဝါတွင်းကာလအတွင်းရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ဝါတွင်းကာလ တရားပွဲနှင့် သီလခံယူပွဲ တို့အပြင် ဗုဒ္ဓပူဇနိယပွဲတော်များကို ကျင်းပသွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ထံမှ သိရပါတယ်။ ဇူလိုင်လ ၉ ရက်(ဝါဆိုလပြည့်နေ့)တွင် ဓမ္မစကြာအခါတော်နေ့အခမ်းအနားကို ကျင်းပရန် စီစဉ်ဆောင်ရွက် လျက်ရှိပြီး ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲအခမ်းအနားကိုပါ ထည့်သွင်းကျင်းပသွားမည့်အပြင် ဩဂုတ်လ ၈ ရက် (ဝါခေါင်လပြည့်နေ့)တွင် မေတ္တာအခါတော်နေ့အခမ်းအနားနှင့် ပန်းပေါင်း ၈၄,၀၀၀ ပူဇော်ပွဲအခမ်းအနား၊ စက်တင်ဘာလ ၆ ရက်(တော်သလင်းလပြည့်နေ့)တွင် ဂရုဓမ္မအခါတော်နေ့အခမ်းအနားတို့ကို ကျင်းပသွားမှာ ဖြစ်ပါတယ်။ အောက်တိုဘာလ ၅ ရက်(သီတင်းကျွတ်အဖိတ်နေ့)တွင် သီတင်းကျွတ်မီးထွန်းပွဲတော်အခမ်းအနား၊ အောက်တိုဘာလ ၆ ရက်(သီတင်းကျွတ်လပြည့်)တွင် အဘိဓမ္မာအခါတော်နေ့အခမ်းအနား တို့ကိုလည်း ကျင်းပ သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ဝါဆိုလပြည့်နေ့မှစ၍ သီတင်းကျွတ်လပြည့်နေ့အထိ လပြည့်၊ လကွယ်နှင့် ကြားရက် ဥပုသ်နေ့များတွင် ဘုရားဖူးပြည်သူများအနေနဲ့ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ သီလခံယူဆောက်တည်နိုင်ရန် သီလခံယူပွဲများကို စီစဉ်ထားရှိပြီး ရဟန်းရှင်လူ ပြည်သူအများအနေဖြင့် ပါဝင်လှူဒါန်းကုသိုလ်ပြုနိုင်ကြောင်း သိရပါတယ်။(NVS 003)