“အစ္စရေးနှင့် အီရန်ကြားတိုက်ခိုက်မှုများ ပြီးဆုံးသွားပြီဖြစ်၍ အမေရိကန်-အီရန် နျူကလီးယားဆွေးနွေးပွဲ လာမည့် သီတင်းပတ်တွင် စတင်မည်”

27 Jun

အစ္စရေးနှင့်အီရန်ကြား တိုက်ပွဲများပြီးဆုံးသွားပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က အလေးပေးပြောကြားခဲ့ပြီးနောက် အီရန်နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ လာမည့်သီတင်းပတ်တွင် အီရန်အရာရှိ များနှင့်တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ အဆိုပါ ဆွေးနွေးပွဲသည် အီရန်နိုင်ငံရှိ နျူကလီးယားစက်ရုံသုံးနေရာကို အမေရိကန်၏တိုက်ခိုက်မှုပြီးနောက် ပထမဆုံးပြုလုပ်မည့် ဆွေးနွေးပွဲဖြစ်သည်။ အီရန်နှင့်အစ္စရေးကြား ရန်လိုမှုများကို အဆုံးသတ်ရန် သမ္မတ ထရမ့် က ပြင်းထန်စွာကြိုးပမ်းလျက်ရှိကြောင်း အမေရိကန်သတင်းဝက်ဘ်ဆိုက် Axios က သတင်းဖော်ပြခဲ့သည်။ ထို့ပြင် ဒေါ်နယ်ထရမ့် က တိုက်ပွဲများ အဆုံးသတ်ရေး ညှိနှိုင်းလိုသည့် ၎င်း၏ဆန္ဒကို အီရန်အစိုးရထံတင်ပြရန် အရှေ့အလယ်ပိုင်းဆိုင်ရာ အထူးသံတမန် စတီးဗ်ဝတ်ကော့ဖ် အား ညွှန်ကြားခဲ့ကြောင်း သိရသည်။ သမ္မတ ဒေါ်နယ်ထရမ့် က အစ္စရေးဝန်ကြီးချုပ် နေတန် ယာဟု အား ပဋိပက္ခကိုအဆုံးသတ်ရန် ၎င်း၏ဆန္ဒကို ဖုန်းမှတစ်ဆင့်ပြောကြားခဲ့ကြောင်းလည်း သိရသည်။ နေတန်ယာဟု က အပစ်အခတ်ရပ်စဲရေးကိုသဘောတူပြီး အီရန်က ဒုံးကျည်ပစ်လွှတ်ခြင်းကို ရပ်တန့်သည် နှင့်တစ်ပြိုင်နက် အစ္စရေးက နောက်ထပ်တိုက်ခိုက်မှုများကို ဆောင်ရွက်မည်မဟုတ်ကြောင်း ပြန်လည်ပြောကြား ခဲ့သည်။ အမေရိကန်နှင့် အီရန် နျူကလီးယားဆွေးနွေးပွဲကျင်းပမည့် နေရာနှင့်အချိန်တို့ကို အမေရိကန်နှင့်ကာတာ တာဝန်ရှိသူများက ဆွေးနွေးလျက်ရှိကြောင်း သိရသည်။ အစ္စရေးနှင့် အီရန်နှစ်နိုင်ငံရှိ ပြည်သူများက ၎င်းတို့၏ နေ့စဉ်ဘဝကို ပြန်လည်ထူထောင်ရန် ကြိုးပမ်းလျက်ရှိကြောင်းနှင့် ဇွန်လ ၂၆ ရက်တွင် နှစ်နိုင်ငံစလုံးမှ မည်သည့် တိုက်ခိုက်မှုမျှ လုပ်ဆောင်ခြင်းမရှိခဲ့ကြောင်း သိရသည်။ အစ္စရေးနှင့်အီရန်တို့ကြား တိုက်ပွဲများရပ်တန့်လျက် ရှိသော်လည်း အစ္စရေးက ဂါဇာကမ်းမြောင်ကို ဆက်လက်တိုက်ခိုက်လျက်ရှိရာ ဇွန်လ ၂၅ ရက်ထိ သေဆုံးသူ ၅၆,၁၅၆ ဦးအထိရှိကြောင်း ဂါဇာကျန်းမာရေးအာဏာပိုင်များက ပြောကြားထားကြောင်း NHK သတင်းဌာန ဖော်ပြ ချက်အရ သိရသည်။

27 Jun

ADVERTISE HERE .