လာမည့်ရွေးကောက်ပွဲတွင် မဲပေးစက်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသုံးပြု၍ မဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိ

22 Jun

ဇွန်လ ၂၀ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲဆန္ဒရှင်ပြည်သူများ မဲပေးရာတွင် မှန်ကန်လွယ်ကူစေရန်နှင့် မဲမသမာမှုများ မဖြစ်ပွားစေရန် လာမည့်ရွေးကောက်ပွဲတွင် မဲပေးစက်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသုံးပြု၍မဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ရွေးကောက်ပွဲအတွက်လိုအပ်သည့် မဲပေးစက်များ ထုတ်လုပ်လျက်ရှိပြီး ရရှိလာသည့်မဲပေးစက်များကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ထိန်းသိမ်းခြင်းနှင့် ပျက်စီးမှုမရှိ စေရေး စနစ်တကျသိမ်းဆည်း စီမံဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပသွားမှာဖြစ်လို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မြို့နယ်တစ်ခုနှင့် တစ်ခုအကြား သတ်မှတ်ကာလအတွင်း မဲပေးစက်များအား လုံခြုံစွာဖြင့် စနစ်တကျရွှေ့ပြောင်းပေးနိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် နည်းလမ်းများ ဝိုင်းဝန်းဆွေးနွေးပေးကြရန်နှင့် လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ပံ့ပိုးကူညီဆောင်ရွက်ပေးကြရန် ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဒုတိယဥက္ကဋ္ဌက ရွေးကောက်ပွဲကျင်းပချိန်တွင် မဲပေးစက်များ ကိုင်တွယ်အသုံးပြုမည့် မဲရုံဝန်ထမ်းများ ဆင့်ပွားသင်တန်းပေးမည့်အစီအစဉ်များနှင့် MEVM စက်များ မြို့နယ်များသို့ ရွှေ့ပြောင်းရာတွင် ကြိုတင်စီမံထားရန် လိုအပ်သည့်လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီး များနှင့် ကျွမ်းကျင်သူပညာရှင်များက မဲပေးစက်ကိုင်တွယ် အသုံးပြုနည်းသင်တန်းများပို့ချရေး၊ မဲပေးစက်များကို ရွေးကောက်ပွဲအပိုင်းလိုက် ရွှေ့ပြောင်းရေးဆိုင်ရာများကို ရှင်းလင်းတင်ပြခဲ့ကြပါတယ်။(NVS 003)

22 Jun

ADVERTISE HERE .