“ငလျင်ကြောင့်ပျက်စီးခဲ့သည့် ဘာသာရေးအဆောက်အအုံများ ပြန်လည်ပြုပြင်ရန် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ အလှူငွေ ကျပ်သိန်း ၂,၅၀၀ လှူဒါန်း”
20 Jun
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရှိ ဘာသာရေးအဆောက်အအုံများ မွမ်းမံပြင်ဆင်နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် မြန်မာနိုင်ငံကြက်ခြေနီ အသင်းမှ လှူဒါန်းငွေများ ပေးအပ်ခြင်းအခမ်းအနားကို ဇွန်လ ၁၇ ရက်က စစ်ကိုင်းမြို့ရှိ ကျင်းပခဲ့ပါတယ်။ အလှူငွေများပေးအပ်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ မျိုးညွန့်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ တင်တင်လေး နှင့် အလုပ်အမှုဆောင်များ၊ မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဒေါက်တာ သိန်းထွန်းဆောင် နှင့် ကော်မတီဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးတင်အောင်နှင့်ကော်မတီဝင်များ၊ အသင်းမှ ညွှန်ကြားရေးမှူးများ နှင့် ဒုတိယညွှန်ကြားရေးမှူးများ၊ ကြက်ခြေနီ စေတနာလုပ်အားရှင်များ တက်ရောက်ခဲ့ကြပါတယ်။ လှူဒါန်းမှုအနေနဲ့ စစ်ကိုင်းမြို့ရှိရွှေဟင်္သာတိုက်သစ်ကျောင်းအတွက် ငွေကျပ်သိန်း ၅၀၀၊ ရတနာသိင်္ဂီ (ပရဟိတ)သီလရှင်စာသင်တိုက်အတွက် ငွေကျပ်သိန်း ၅၀၀၊ ခရစ္စတီယာန်သခင်မဘုရားကျောင်းအတွက် ငွေကျပ် သိန်း ၂၅၀၊ အောင်မြေသာစံမြို့နယ်ရှိ ကသီဒြယ်ဘုရားကျောင်းအတွက် ငွေကျပ်သိန်း ၁၀၀၊ စဉ့်ကိုင်မြို့နယ် မြောက်ကိုင်းကျေးရွာရှိ စိန့်ဂျော်ကင်နှင့် စိန့်အန်နား ကက်သလစ်ခရစ်ယာန်ဘုရားကျောင်းအတွက် ငွေကျပ်သိန်း ၁၅၀၊ အမရပူရမြို့နယ် ဗုံးအိုးကျေးရွာရှိ ဗုံးအိုးအရှေ့ဗလီအတွက် ငွေကျပ်သိန်း ၂၅၀၊ အစ္စလာမ်ဇာရိုကီရာ စာသင်ကျောင်းအတွက် ငွေကျပ်သိန်း ၂၅၀၊ အောင်မြေသာစံမြို့နယ်ရှိ အမ်ဘီကာမယ်တော်ကြီး ဟိန္ဒူဘာသာရေး ကျောင်းအတွက် ငွေကျပ်သိန်း ၂၅၀ ၊ စစ်ကိုင်းမြို့ရှိ သီရိဆသ်နရ်ယန် ဟိန္ဒူဘုရားကျောင်းအတွက် ငွေကျပ်သိန်း ၂၅၀ ဖြင့် အသီးသီးလှူဒါန်းခဲ့ကြောင်း သိရပါတယ်။ (NVS-004)