“အစ္စရေးက အီရန်ရဲ့ နျူကလီးယားနေရာများနှင့် စစ်ခေါင်းဆောင်ပိုင်းကို တိုက်ခိုက်”
13 Jun
အစ္စရေး က အီရန်၏နျူကလီးယားအစီအစဉ်နှင့် အကြီးတန်းစစ်ဘက်ခေါင်းဆောင်များကို ဇွန်လ ၁၃ ရက် အစောပိုင်းမှာ စတင်တိုက်ခိုက်ခဲ့ပြီး ရက်ပေါင်းများစွာကြာရှည်လာမည်ဟုလည်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု က ပြောကြားခဲ့သည်။ အဆိုပါတိုက်ခိုက်မှုက အရှေ့အလယ်ပိုင်းဒေသကို မရေရာမှုမြင်ကွင်းများအဖြစ် ရောက်ရှိစေပြီး အီရန်ရဲ့ လက်တုံ့ပြန်မှုက ဒေသတွင်းစစ်ပွဲဖြစ်နိုင်ခြေကို တိုးမြင့်လာစေသည်။ အီရန်ဘက်ကလည်း အစ္စရေးစစ်ဘက်က ယခုလို တိုက်ခိုက်ခဲ့မှုအပေါ် ပြင်းထန်စွာလက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အစ္စရေး၏ တိုက်ခိုက်မှုကြောင့် အီရန်အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ်အကြီးအကဲ ဗိုလ်ချုပ် ဟိုစိန် ဆာလာမီနှင့် နျူကလီယားပညာရှင် ၅ ဦး သေဆုံးခဲ့ရသည်။ ဗိုလ်ချုပ် ဟိုစိန် ဆာလာမီ ဟာ တိုင်းပြည်ရဲ့ သြဇာအရှိဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦးအပါအဝင်ဖြစ်သည်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု က 'Operation Rising Lion' စစ်ဆင်ရေးအတွင်း Natanz မြို့ရှိ အီရန်၏ နျူကလီးယားအဆောက်အအုံ အဓိကအချက်အခြာနေရာကို ထိမှန်ခဲ့ကြောင်းနဲ့ ၎င်းနေရာက အက်တမ်ဗုံးများ ထုတ်လုပ်နိုင်တဲ့နေရာဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါတိုက်ခိုက်မှုများတွင် အမေရိကန် ပါဝင်ပတ်သက်မှု သို့မဟုတ် အမေရိကန်၏ အကူအညီများ မရှိကြောင်း နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို က ပြောကြားခဲ့သည်။ ယနေ့ညမှာ အစ္စရေးက အီရန်ကို တစ်ဖက်သတ် အရေးယူခဲ့ကြောင်းနှင့် အီရန်ကို တိုက်ခိုက်မှုတွေမှာ အမေရိကန် မပါဝင်သလို ဒေသတွင်းမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေကို ထိပ်တန်းဦးစားပေးကာကွယ်နေကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။