“၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ရေချိုထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇၂၂ သန်းကျော် ရရှိ”

12 Jun

မြန်မာနိုင်ငံတွင် မွေးမြူရေးနှင့် စိုက်ပျိုးရေးကဏ္ဍကို ဟန်ချက်ညီဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်အဖြစ် ရာသီမပြတ် စိုက်ပျိုး/မွေးမြူထုတ်လုပ်လျက်ရှိပါတယ်။ ၂ဝ၂၄-၂၀၂၅ ဘဏ္ဍာနှစ်၌ ရေချိုထွက်ကုန်များကို ပြည်ပသို့ တန်ချိန် ၅၅၀,၀၀၀ ကျော်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇၂၂ သန်းကျော်ရရှိခဲ့ပြီး ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်းမှာလည်း ဝင်ငွေတိုးမြှင့်ရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိနေတယ်လို့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှထံမှ သိရပါတယ်။ ရေချိုထွက်ကုန်များကို ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းဒေသကြီးတို့၌ မွေးမြူထုတ်လုပ်လျက်ရှိပြီး တစ်ကန်ဖော်ချိန်၌ အခြားကန်များကို ဆက်လက်မွေးသောစနစ်ဖြင့် ငါးမွေးတောင်သူများက တစ်နှစ်ပတ်လုံး မွေးမြူ ထုတ်လုပ်လျက်ရှိပါတယ်။ ပြည်ပနိုင်ငံများသို့ တင်ပို့ရာတွင် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ဆော်ဒီအာရေဗျနှင့် အခြားနိုင်ငံ အချို့သို့ ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးတန်၊ ငါးခေါင်းပွ၊ ငါးသလောက်နှင့် အခြားငါးမျိုးစုံတို့ကို အဓိကတင်ပို့လျက်ရှိပါတယ်။ ပင်လယ်ပြင်ငါးဖမ်းရာသီ ပိတ်သိမ်းထားချိန်တွင် ငါးဈေးကွက်၌ ရေချိုထွက်ကုန်များ အရောင်းအဝယ်ကောင်း လျက်ရှိပြီး မွေးမြူရေးကဏ္ဍတွင် နိုင်ငံတကာ၌ ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်မှ အကောင်းဆုံး မွေးမြူရေးကျင့်စဉ် သို့ ပြောင်းလဲအသုံးပြုလျက်ရှိရာ မြန်မာနိုင်ငံတွင်လည်း မျိုးကောင်းမျိုးသန့်ငါးများ မွေးမြူထုတ်လုပ်နိုင်ရန်နှင့် ဒေသမျိုး ရင်းများကို ထိန်းသိမ်းနိုင်ရန် ငါးလုပ်ငန်းဦးစီးဌာနနှင့် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့တို့က ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ (NVS-004)

12 Jun

ADVERTISE HERE .