ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူရန်အတွက် ရွှေစင်အလေးချိန် ၁၉၂ ပိဿာ ကျော် လက်ခံရရှိ

11 Jun

ရွှေတိဂုံစေတီတော်မြတ်ကြီးကို ယခုနောက်ဆုံးအကြိမ် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ရန်အတွက် အလှူရှင်များ၏ လှူဒါန်းမှုအဖြစ် ရွှေစင်အလေးချိန် ၁၉၂ ပိဿာကျော် လက်ခံရရှိခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရပါတယ်။ ထိုသို့ ဆောင်ရွက်နိုင်ဖို့အတွက် လှူဒါန်းမှုကာလကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် မတ်လ ၂၁ ရက်မှ ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်အထိ ၆ နှစ်ကြာ သတ်မှတ်ဆောင်ရွက်ခဲ့ပါတယ်။ အဆိုပါသတ်မှတ်ကာလအတွင်း အလှူရှင်များ လှူဒါန်းမှုကြောင့် စေတီတော်မြတ်ကြီးအား ၆ ကျပ်သား Gold Plate ရွှေစင်ပြား ၁,၄၀၃ ချပ်၊ ၁ ကျပ်သား Gold Coating ရွှေစင်ပြား ၁၀,၇၀၀ ချပ်၊ စုစုပေါင်း ရွှေစင်အလေးချိန် ၁၉၂ ပိဿာ ၁ ကျပ်သား ၈ ပဲနှင့် မျက်ပါးရွှေဆိုင်း ၁၄,၁၈၁ ဆိုင်း တို့ကို ကပ်လှူပူဇော်ခဲ့ကြောင်း ဂေါပကအဖွဲ့ထံမှ သိရပါတယ်။ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူနိုင်ရေးအတွက် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်မှစတင်ကာ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်အထိ ငြမ်းစေတီတည်ဆောက်ခြင်း၊ ရွှေစင်ပြားများ ရောင်တော်ဖွင့်ခြင်း၊ ရထားပျံဖြင့် ရွှေပြား တင်လှူခြင်း၊ ပျက်စီးရွှေပြားများ လဲလှယ်ကပ်လှူခြင်း၊ မျက်ပါးရွှေချွတ်၊ ရွှေချလုပ်ငန်းများဆောင်ရွက်ခြင်း၊ ငြမ်းဖျက်သိမ်းခြင်း တို့ကိုဆောင်ရွက်ခဲ့ပြီးနောက် နောက်ဆုံး လုပ်ငန်းစဉ်များဖြစ်တဲ့ ဩဝါဒါစရိယဆရာတော် ၁၁ ပါးဦးဆောင်၍ ပင့်သံဃာ ၁၀၈ ပါးတို့ဖြင့် စေတီတော်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းတို့ကို ဆောင်ရွက် ခဲ့ပါတယ်။ ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်းကို ၅ နှစ်တစ်ကြိမ် ဆောင်ရွက် လေ့ရှိတယ်လို့ သိရပါတယ်။(NVS 004)

11 Jun

ADVERTISE HERE .