“တနင်္သာရီသဘာဝကြိုးဝိုင်းအတွင်း နို့တိုက်သတ္တဝါ ၆၇ မျိုးနှင့် ငှက်မျိုးစိတ် ၂၄၄ မျိုး ရှင်သန်ကျက်စားနေမှု မှတ်တမ်းတင်တွေ့ရှိ”
11 Jun
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နှင့် ရေဖြူမြို့နယ်အတွင်းတည်ရှိတဲ့ တနင်္သာရီသဘာဝကြိုးဝိုင်းအတွင်း နို့တိုက်သတ္တဝါ ၆၇ မျိုး နှင့် ငှက်မျိုးစိတ် ၂၄၄ မျိုး ရှင်သန်ကျက်စားနေမှုကို မှတ်တမ်းတင်တွေ့ရှိရကြောင်း တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ သိရပါတယ်။ တိုင်းဒေသကြီးသစ်တောဦးစီးဌာနအနေနဲ့ တနင်္သာရီသဘာဝကြိုးဝိုင်းအတွင်း ကင်မရာထောင်ချောက်များ တပ်ဆင်ကာ ဇီဝမျိုးစုံမျိုးကွဲများနှင့် တောရိုင်းတိရစ္ဆာန်များ ကျက်စားနေထိုင်မှုကို သိရှိမှတ်တမ်းတင်နိုင်ရန်နှင့် သဘာဝ ထိန်းသိမ်းရေးနယ်မြေများ ရေရှည်ရှင်သန်ဖွံ့ဖြိုးရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ အဆိုပါ သဘာဝကြိုးဝိုင်းအတွင်း မျိုးသုဉ်းရန်အန္တရာယ်ရှိနေသော အာရှဆင်၊ တောခွေးနှင့် မျိုးသုဉ်းလုနီးပါး ရင်ဆိုင်နေရတဲ့ သင်းခွေချပ်အပြင် အင်းကျား၊ ကြံ့သူတော်၊ ကျားသစ်နက်၊ ကြောင်မြင်း၊ မလေးဝက်ဝံနှင့် အင်ဒိုချိုင်းနား ကျား အစရှိတဲ့ မျိုးစိတ်များလည်း ရှင်သန်ကျက်စားလျက်ရှိနေသလို မျိုးသုဉ်းရန်အန္တရာယ်ကျရောက်နိုင် တဲ့ ငှက်မျိုးစိတ် သုံးမျိုးနှင့် မျိုးသုဉ်းရန်အန္တရာယ်ကျ ရောက်လုနီးပါးရင်ဆိုင်နေရသည့် ငှက်မျိုးစိတ် ၁၀ မျိုး အပါအဝင် ငှက်မျိုးစိတ် များစွာလည်း ရှင်သန်ကျက်စားလျက်ရှိနေပါတယ်။ တနင်္သာရီသဘာဝကြိုးဝိုင်းကို တိုင်းဒေသကြီးမြောက်ပိုင်းနှင့် အရှေ့ပိုင်းရှိ အပူပိုင်းမုတ်သုံ သစ်တောဂေဟစနစ် များနှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရန်အတွက် ၂၀၀၅ ခုနှစ်၊ မတ်လ ၃၀ ရက်တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာအမှတ် ၁၈/၀၅ ထုတ်ပြန်၍ သတ်မှတ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လက်ရှိမှာ သစ်တောဦးစီးဌာနက သဘာဝကြိုးဝိုင်းအတွင်း အမာခံထိန်းသိမ်းရေးနယ်မြေဧက ၃၃၆,၉၁၂ ဧက၊ ကြားခံထိန်းသိမ်းရေး နယ်မြေဧက ၇၉,၉၅၂ ဧကနှင့် ဓာတ်ငွေ့ပိုက်လိုင်း ထိန်းသိမ်းရေးနယ်မြေဧက ၃,၂၁၃ ဧကဟူ၍ ဇုန်နယ်မြေများ သတ်မှတ်ကာ စီမံအုပ်ချုပ်လျက်ရှိပါတယ်။ တနင်္သာရီသဘာဝကြိုးဝိုင်းသည် သဘာဝအခြေခံခရီးသွားလုပ်ငန်းနှင့် ဒေသခံအခြေပြု ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်မှုတွင် အလားအလာရှိတဲ့ သဘာဝထိန်းသိမ်းရေးနယ်မြေတစ်ခုဖြစ်ပြီး ရေချိုအရင်းအမြစ်များစွာ တည်ရှိနေတဲ့ အတွက် တောတွင်းခရီးသွားလာခြင်း၊ လေ့လာရေးနှင့် သုတေသနပြုလုပ်ငန်းများကိုလည်း အကျိုးပြုလျက်ရှိကြောင်း သိရပါတယ်။ (NVS-004)