“လက်ရှိဘဏ္ဍာနှစ်အတွင်း ပြောင်းတင်ပို့မှုမှ ဒေါ်လာသန်း ၃၅၀ ကျော်ရရှိရန် မျှော်မှန်း”
10 Jun
မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းက လက်ရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ အစေ့လွတ်ပြောင်းတင်ပို့မှုကနေ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၅၄ သန်းရရှိရန် မျှော်မှန်းထားကြောင်း သိရပါတယ်။ ယခုဘဏ္ဍာနှစ်မှာ ပြည်ပသို့ ပြောင်းတန်ချိန် ၁ ဒသမ ၃၆ သန်း တင်ပို့နိုင်ရန်လျာထားပြီး အစေ့လွတ် ပြောင်းတင်ပို့မှုအပြင် ပြောင်းချဉ်ဖတ်၊ ပြောင်းအချိုရည် စတဲ့ တန်ဖိုးမြင့်ပြောင်းထုတ်ကုန်အမျိုးမျိုးတို့ကို ထုတ်လုပ် တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်က ပြည်ပသို့ ပြောင်းတန်ချိန် ၂ ဒသမ ၄ သန်း တင်ပို့ခဲ့ပြီး ပို့ကုန်ဝင်ငွေအဖြစ် အမေရိကန် ဒေါ်လာ ၅၇၄ သန်းရရှိခဲ့ပါတယ်။ မြန်မာ့အစေ့လွတ်ပြောင်းကို ထိုင်းနိုင်ငံသို့ အဓိကတင်ပို့နေပြီး ထိုင်းနိုင်ငံဘက်မှ မြန်မာ့ပြောင်းကို နှစ်စဉ်ဖေဖော်ဝါရီလကနေ ဩဂုတ်လကုန်အထိ ၇ လတာအတွင်း အခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့ခွင့်ပြု ထားပါတယ်။ ပြောင်းကို ထိုင်းနိုင်ငံအပြင် အိန္ဒိယ၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နိုင်ငံသို့လည်း တင်ပို့နေကြောင်း သိရပါတယ်။ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ စာရင်းတွေအရ ပြောင်းဆန်တစ်တန်ကို FOB ဈေးနှုန်းမှာ အမေရိကန် ဒေါ်လာ ၂၅၅ မှ ၂၆၅ ဒေါ်လာအကြားရှိပြီး ရန်ကုန်ဈေးကွက်မှာ ပြောင်းဆန်လက်ကား တစ်ပိဿာကို ငွေကျပ် ၁,၇၀၀ ကျော်ဝန်းကျင် ပေါက်ဈေးရရှိနေပါတယ်။ (NVS-004)