“မြစ်ကြီးနားမြစ်ရေ နောက်တစ်ကြိမ် ထပ်မံမြင့်တက်နိုင်”
10 Jun
ဧရာဝတီမြစ်ရေသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အနီးတွင် ယခုဇွန်လမကုန်မီနှင့် ဇူလိုင်လဆန်းအတွင်း နောက်ထပ်တစ်ကြိမ် ပြန်လည်မြင့်တက်လာနိုင်ကြောင်း မြစ်ကြီးနားမြို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားကြောင်း သိရပါတယ်။ မြစ်ကြီးနားမြို့တွင် မြစ်ရေသည် ဇွန်လ ၉ ရက်အထိ ဆက်တိုက် ကျဆင်းနေပြီး စိုးရိမ်ရေအမှတ် ၁,၂၀၀ စင်တီမီတာသို့ရောက်ရှိရန် ၇၃၆ စင်တီမီတာခန့်သို့ ရောက်ရှိနေပြီဖြစ်ပါ တယ်။လက်ရှိအခြေအနေအရ မန္တလေးမြို့မှစ၍ ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ မြို့အစဉ်လိုက်တွင် မြစ်ရေများ ဆက်လက်မြင့်တက်လာနိုင်ခြေရှိပြီး ဧရာဝတီမြစ်ရိုးတလျှောက်မြစ်ကမ်းအနီး မြေနိမ့်ဒေသများနှင့် မြေနုကျွန်းများတွင် စိုက်ပျိုးလုပ်ကိုင်၊ နေထိုင်ကြသော တောင်သူများနှင့်ရေလုပ်သားများ သတိပြုနေထိုင်ကြရန် လိုအပ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထားပါတယ်။ ဧရာဝတီမြစ်ရေသည် မန္တလေးမြို့၏စိုးရိမ်ရေမှတ်အောက် ၄ ပေခွဲခန့်အလိုတွင် ရောက်ရှိနေပြီး စစ်ကိုင်း မြစ်ရေသည် စိုးရိမ်ရေမှတ်အောက် ၃ ပေကျော်ခန့်အလိုတွင် ရောက်ရှိနေပါတယ်။ အလားတူ မြင်းမူမြစ်ရေသည် စိုးရိမ်ရေမှတ်အောက် ၃ ပေ ကျော်ခန့်အလို၊ ပခုက္ကူမြစ်ရေသည် စိုးရိမ်ရေမှတ်အောက် ၂ ပေ ခန့်အလို၊ ညောင်ဦး မြစ်ရေသည် စိုးရိမ်ရေအမှတ်အနီး၊ ချောက်မြို့မြစ်ရေသည် စိုးရိမ်ရေမှတ်အောက် ၆ ပေခန့်အလို၊ မင်းဘူးမြစ်ရေသည် စိုးရိမ်ရေမှတ်အောက် ၆ ပေခန့်အလိုနှင့် မကွေးမြစ်ရေသည် စိုးရိမ်ရေမှတ်အောက် ၆ ပေ ခန့်အလိုဖြင့် အသီးသီး ရောက်ရှိနေကြောင်း သိရပါတယ်။ (NVS-004)